အိမ်ထဲတောင်အပြည့်မဝင်ရသေးဘူး အမောကိုဆို့ရော။ " မနက်ဖြန်ရုံးပိတ်တယ်လေ အမေရဲ့" လို့ ရယ်ရယ်မောမောပဲ ပြောလိုက်တော့ ဘာမှတော့မတုန့်ပြန်ပေမယ့် ကျေနပ်ပုံတော့မရ။ ကျွန်မယောက္ခမက ကျွန်မအပြင်ထွက်အလုပ်လုပ်တာကို လုံးဝမကြိုက်။ အိမ်ထောင်သည်မိန်းမဆိုတာ အိမ်မှုကိစ္စလုပ်၊ ကလေးထိန်း၊ ယောကျာ်းလုပ်စာကိုပဲ ထိန်းသိမ်း အဲဒီလိုပဲ သဘောကျတာ။
ဒီလိုဆိုပြီး အမေတို့ကိုလည်း အပြစ်တင်လို့မရဘူး။ အမေတို့ကြီးပြင်းခဲ့တဲ့ဒေသကျ ဒီမြို့ပြကြီးမှာလို အလုပ်လုပ်တယ်ဆိုတာ သီးသန့်ကြီးရှိတာမျိုးမဟုတ်။ အလုပ်ကိစ္စနဲ့အပြင်ထွက်တယ်ဆိုတာက အမျိုးသားတွေပဲ လုပ်ကြတာကိုး။
တကယ်တမ်းကျတော့ အမျိုးသမီးတွေကလည်း အိမ်ကနေသာမခွာပေမယ့် အလုပ်နဲလက်နဲ့မပြတ်တမ်း ဇယ်ဆက်သလိုလုပ်ရတာပဲရယ်။ အိမ်မှုကိစ္စတွေရော၊ သားသမီးဝေယျာဝိစ္စ၊ ရပ်ရေးရွာရေးနဲ့ ပဲနှမ်းအလဲအလှယ် စသည်ဖြင့် ဒါတွေကလည်း အလုပ်လုပ်နေတာပဲကို။
ဒါပေမယ့်လည်း သူတို့အတွက်ကတော့ ဒါက အလုပ်လုပ်တယ်လို့ သီးခြားမတွေးဘဲ အိမ်အလုပ်လုပ်တယ်ပဲ ထင်ကြတာရယ်။ တကယ်ဆို အမေတို့လည်း မှီခိုမဟုတ်ကြပါဘူး မယ်တစ်ထမ်းမောင်တစ်ရွက်ရယ်ပါလို့ ပြောချင်ပေမယ့် ပြောခွင့်ကမကြုံ။
အမေတို့အမြင်အရ ကျွန်မဟာ မနက်ကတည်းက အလုပ်သွားလိုက်တာ ညမိုးချုပ်မှပြန်လာတာကို မကြိုက်ချင်ကြပါဘူး။ အလုပ်ကိစ္စအတွက် ညဘက်နောက်ကျတာကို သဘောမတွေ့ပါဘူး။ အလုပ်သဘာဝအရ ခရီးသွားရတာမျိုးကို ဘဝင်မကျပါဘူး။
အိမ်မှုကိစ္စတွေ သေချာမလုပ်နိုင်တာကို အမြင်မကြည်ပါဘူး။ အမေ့သား၊ ကျွန်မအမျိုးသားက “ဒီမှာက ဒီလိုပဲ အမေရယ် အလုပ်က နှစ်ယောက်လုပ်မှ ချောင်လည်တာ” လို့ ဒါတွေအကုန်လုံးကို ဘာမှမဖြစ်သလို လက်ခံကြည်ဖြူနေတာကိုလည်း မျက်စိဆံပင်မွှေးစူးပုံပါပဲ။ အမေတို့ဖြတ်သန်းခဲ့ရပုံနဲ့ကျတော့လည်း ဒီလိုပဲ မြင်နေနိုင်တော့ အတိုက်အခံငြင်းဖို့လည်း မလွယ်ဘူးရယ်။
အမေရေ … အိမ်အလုပ်ကို ရှောင်ချင်လို့ အလုပ်ကိုအကြောင်းပြနေတာမဟုတ်ရပါဘူး၊ ကလေးမထိန်းချင်လို့ အပျိုလုပ်ပြီး အပြင်ပဲထွက်နေတာမဟုတ်ရပါဘူး။ စားဝတ်နေရေးအတွက် ရုန်းကန်ရတာမို့၊ သမီးလေးရဲ့ရှေ့ရေးလည်း ရှိနေသေးတာမို့၊ ဒီလို နှစ်ယောက်လုပ်စာနဲ့မှ နေနိုင်ရုံလေးပဲရှိသေးတာမို့ ရှေ့ဆက်ပြီးလည်း အလုပ်တွေလုပ်ရပါဉီးမယ်။
ကျွန်မလည်း အိမ်မှာပဲ အေးအေးလူလူ ကလေးလေးနဲ့ အတူနေချင်တာပေါ့ကွယ်။ အမေနဲ့ ဈေးအတူသွား၊ ဟင်းကူချက်လို့ အေးချမ်းတဲ့ ချွေးမတစ်ယောက်မဖြစ်နိုင်လို့လည်း အားနာရပါတယ်။ အခုများတော့ဖြင့် ရုန်းကန်ရပါဉီးမယ်။ တစ်နေကုန်ပင်ပန်းပြီးပြန်လာတဲ့အခါ အမေက မငြိုငြင်ဖို့လည်း တောင်းပန်ချင်သေးတယ်၊ ကျွန်မတို့နှစ်ယောက် မသင့်မြတ်တဲ့အခါ စိတ်ညစ်ရမှာ အမေ့သားလေးပဲ မဟုတ်လားအမေရယ်… ။ ။