ပြသနာတစ်ခုခုဖြစ်တိုင်း ကလေးတွေကို သံသယမဖြစ်ပါနဲ့ ...

ပြသနာတစ်ခုခုဖြစ်တိုင်း ကလေးတွေကို သံသယမဖြစ်ပါနဲ့ ...
သောက်နေကျ ဖန်ခွက်ကွဲသွားတယ် ဘယ်လိုဖြစ်တာလဲ
နင့်သမီး ချခွဲလိုက်တာနေမှာပေါ့
မိတ်ကပ်ဘူးတွေ့သေးလားဟင် ဒီနားမှာတင်ထားတာပါ မရှိတော့လို့
နင့်သမီးပဲ ယူဆော့တာနေမှာပေါ့
အိပ်ခန်းထဲက အရုပ်က ဘယ်ကိုရောက်သွားတာလဲမသိ
နင်တို့အခန်းထဲ နင့်သမီးပဲဝင်တာ ငါတို့တော့မသိ
အိမ်မှာ အမြဲကြားရတဲ့စကားတွေပါ။ ဘာမှမပြောလိုက်နဲ့ သမီးပဲဖြစ်မှာပေါ့ဆိုတဲ့ ထင်မြင်ချက်ကအရင်လာပါတယ်။ ကလေးဆိုတော့ ဆော့တတ်တာ၊ ခွဲတတ်တာ နားလည်ပါတယ်။ ဒါပေမဲ့လည်း သေလည်းမသေချာပဲ နေမှာပေါ့ဆိုတဲ့စွပ်စွဲချက်က သမီးအပေါ်မတရားဘူးလို့ ခံစားရတယ်။ သေချာတွေ့လိုက်လို့ သူလုပ်တာဆိုရင်လည်း တစ်မျိုးပေါ့လေ။
တစ်ခါတလေဆို ကလေးက ဖိအားအပေးခံရပါသေးတယ်။ ဟုတ်တယ်မလား သမီးလုပ်လိုက်တာမဟုတ်လား မှန်မှန်ပြောနော် မညာနဲ့ဆိုတာကပါသေး။ ကလေးကမဟုတ်ဘူးဆိုလည်း မယုံဘူး ဒီကလေး ညာပြောတတ်နေပြီလို့ပြောကြပြန်တယ်။ ကဲ ဒါဆို သက်သေရှိလားဆိုတော့ သက်သေမလိုဘူး သူလုပ်နေကျပဲတဲ့။ အဲဒီလိုလုပ်ပါများတော့ ကလေးက ငါပြောလည်း ယုံတာမှမဟုတ်တာဆိုပြီး ဖြေလည်းမဖြေရှင်းတော့သလို ကြာတော့ ညာပါ ညာတတ်လာတယ်။
ကလေးကို ယုံကြည်ပေးပါ၊ ပြသနာဖြစ်လာရင် သူ့ကိုမေးပါ။ ညာတာကမကောင်းဘူးဆိုတာနဲ့ လုပ်မိရင်လည်း အပြစ်မပေးဘူးဆိုတာမျိုး အသိပေးပါ။ သေချာညှိနှိုင်းကြည့်ပါ။ ညာတတ်တဲ့အကျင့်ကို အလွယ်တကူမမွေးမြူပေးလိုက်ပါနဲ့။ သူတို့လေးတွေပြောတာကိုလည်း နားထောင်ပေးပါ၊ လက်ခံပေးပါ၊ သူတို့ကို နေရာပေးပါ ဒါမှလည်း သူတို့ကိုယုံကြည်တယ်ဆိုပြီး အားတက်လာကြမှာ။
လူကြီးတွေကလည်း ကလေးလုပ်တယ်ချည်းပဲ မပြောပါနဲ့။ ပစ္စည်းကွဲတယ်၊ ပျောက်တယ်ဆိုတာက အိမ်မွေးတိရစ္ဆာန်တွေကြောင့်လည်းဖြစ်နိုင်တယ်၊ ရာသီဉတုကြောင့်ဖြစ်နိုင်တယ်၊ အိမ်ကလူကြီးတွေ မေ့လျော့နေတာကြောင့်လည်းဖြစ်နိုင်တယ်။ တစ်ခါလုပ်ဖူးတိုင်း သူပဲလုပ်တာနေမှာဆိုပြီး မစွပ်စွဲမိပါစေနဲ့။ အပြစ်လုပ်ဖူးတယ်ဆိုရင်တောင် ပြုပြင်လိုက်လို့ရပါတယ် အမြဲတမ်း သူ့အပြစ်ပဲလို့ သံသယမဖြစ်ပါနဲ့။ ကလေးလုပ်တယ်ဆိုရင် ပြသနာကြီးမှာမဟုတ်လို့ ကိုယ်လုပ်ထားတာကို ဖုံးကွယ်ပြီးတော့လည်း မပုံချပါနဲ့။ ကလေးဟာ အသုံးချစရာမဟုတ်ပါဘူး၊ ကလေးဟာ အပြစ်ခံစရာ ကြားခံနယ်မဟုတ်ပါဘူး။
တစ်ခုခုဖြစ်လာတိုင်း ကလေးအပေါ်သံသယဖြစ်တာကို ပြင်ဆင်ကြပါစို့လားရှင်။

Older Post Newer Post


Leave a comment