သားကိုဆုံးမပြီးသွားရင်လည်း သားဖြေရှင်းချက်လေးကို နားထောင်ပေးပါ မေမေရယ်
မေမေရေ ...
သားကိုဆူပါ၊ ဆုံးမပါ။ မေမေစိတ်တိုင်းကျတဲ့အထိ ပြောပါ၊ ဆိုပါ။ ဒါပေမဲ့လေ သားရှင်းပြတာလေးကိုတော့ နားထောင်ပေးပါလား။ သားဘက်မှာလည်း အကြောင်းပြချက်ရှိနေတာပဲမို့ သားဖြေရှင်းချက်ကို အထွန့်တက်တယ်လို့ မယူဆပါနဲ့လား။
မေမေရေ ...
ပြသနာကို သားတို့ သေချာဆွေးနွေးလို့ မရနိုင်ဘူးလား။ မေမေက လူကြီးမို့လို့ သားတို့ထက် အတွေ့အကြုံများတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ မေမေရယ် သားတို့ခေတ်မှာလည်း သားတို့ရင်ဆိုင်ရတာက မေမေတို့မကြုံဖူးတဲ့ အသစ်၊ အသစ်တွေ ဖြစ်နေတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ မေမေ့အနေနဲ့ သားအပေါ် နားလည်ပေးမယ်ဆိုရင် သားပျော်ရမှာပဲ။
မေမေရေ ...
သူစိမ်းတစ်ယောက်က မေမေ့ကို သားအကြောင်းတိုင်လာတဲ့အခါ မေမေစိတ်တိုပါ၊ ဒေါသထွက်ပါ။ ဒါပေမဲ့ သားကိုတော့ အကျိုးအကြောင်းမေးပါ။ သားကလေ တစ်လောကလုံးကို ညာခဲ့ရင်တောင် မေမေ့ကိုတော့ အမှန်ပြောမယ့်သူပါ။ တစ်ယောက်ယောက်နဲ့ ယှဥ်လာတဲ့အခါ မေမေက သားစကားကို အလေးအနက်ထား ယုံကြည်ပေးမယ်ဆိုရင် သားတကယ်ဝမ်းသာမိမှာပါ မေမေ။
မေမေရေ ...
သားက မေမေ့သားပါ။ မိသားစုကို ကာကွယ်မယ့် သားကြီး သြသရပါ။ မေမေကတော့ ကိုယ့်သားသမီးကို အသက်ဘယ်လောက်ပဲဖြစ်ဖြစ် ကလေးလို့ပဲ မြင်နေမှာဆိုပေမယ့် သားရဲ့အရွယ်ရောက်မှုကိုလည်း အသိအမှတ်ပြုပေးစေချင်တယ်။ သားကြီးပြင်းလာပြီမို့ အိမ်ရဲ့အရေးကိစ္စတွေမှာလည်း အသိပေးစေချင်တယ်။ သားလည်း အခက်အခဲတွေကို မေမေနဲ့အတူ တတ်နိုင်သမျှ ရင်ဆိုင်ဖြေရှင်းပေးချင်ပါတယ်။
မေမေရေ ...
မိဘတွေရဲ့ ထုံးစံအတိုင်း စိတ်ပူတတ်တာနားလည်ပေမယ့် သားကို နည်းနည်းလောက် လွတ်လပ်ခွင့်ပေးစေချင်တယ်။ သားပြောတဲ့စကားတွေကိုဆိုလည်း အရေးအရာသွင်းပေးစေချင်တယ်။ သားမှားနေရင်လည်း ထောက်ပြဆုံးမပေးသလိုမျိုး သားယုံကြည်တဲ့အရာတွေအပေါ်လည်း ခွင့်ပြုပေးစေချင်တယ်။ သားဝါသနာပါပြီး တကယ်စိတ်ဝင်စားတာတွေကိုလည်း လက်ခံပေးစေချင်တယ်။
လူကြီးတွေဆိုတာလည်း တစ်ချိန်တုန်းက လူငယ်ပဲမဟုတ်လား မေမေရယ်။ သားအပေါ် မေမေ့အနေနဲ့ ယုံကြည်စိတ်ချပေးစေချင်ပါတယ်။