ယောကျာ်းဖောင်စီး မိန်းမမီးနေ စကားကို ကြားဖူးကြမယ် ထင်ပါရဲ့..
အမျိုးသမီး ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ချင်းစာတတ်တဲ့ အမျိုးသားဆိုရင်တော့ ကိုယ့်ဇနီးကို ဖေးမပေးမှာ ဆိုပေမယ့် နားမလည်တတ်တဲ့ ယောကျာ်းသားများအတွက် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ခံစားရတဲ့ အခက်အခဲတွေကို ပြောပြပေးမယ်နော်..
ကိုယ်ဝန်ဆောင်ချိန်မှာ ပစ္စည်းတွေ ခဏခဏမေ့တာ၊ ပြောမယ့်စကားမေ့တာ၊ ဘယ်အရာမဆို အာရုံစိုက်ဖို့ မနည်းကြိုးစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါက ပျင်းလို့လည်း မဟုတ်သလို၊ မေ့တတ်တဲ့ အကျင့်ကြောင့်လည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ ဗြောင်းဆန်နေပြီး ဦးနှောက်က ကလေးဆီပဲ အာရုံရောက်နေလို့ပါ။ ဒီအချိန်မှ "ဘာလို့ ဒီလောက် မေ့နေတာလဲ" လို့ အပြစ်တင်မယ့်အစား နားလည်ပေးဖို့ လိုပါတယ်။
"ကိုယ်ဝန်ဆောင်ရင် အိပ်ရေးဝဝအိပ်" လို့ ပြောတတ်ကြပေမဲ့ တကယ်တမ်းတော့ မလွယ်ပါဘူး။ အိပ်နေတဲ့အချိန် ကလေးက ကန်လို့၊ အိပ်ဖို့ကို သက်တောင့်သက်သာ မဖြစ်လို့၊ အိပ်ပျော်ခါနီးတိုင်း ဆီးခဏခဏ ထသွားနေရလို့ ညဘက်ကို သေချာအိပ်မပျော်လို့ နောက်ရက်တွေမှာ စိတ်မကြည်တာ၊ နုန်းခွေနေတာနဲ့ အိပ်ရေးမဝတာတွေ ဖြစ်တတ်ပါတယ်။
ဒါကတော့ အမျိုးသားတွေ အမြင်ရဆုံး အပိုင်းပါ။ ကိုယ်ဝန်ဆောင် ဇနီးသည်က တစ်ခါတလေ ဘာမဟုတ်တာလေးနဲ့ ဝမ်းနည်းငိုကြွေးတာ၊ စိတ်ဆတ်တာတွေ လုပ်တဲ့အခါ သည်းခံပေးပါ။ မိခင်တွေရဲ့ စိတ်ထဲမှာ ကလေးလေး ကျန်းမာပါ့မလား၊ မွေးရင် ဘယ်လောက်နာမလဲ၊ ငါ အမေကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားဆိုတဲ့ အနာဂတ်အတွက် ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ အချိန်ပြည့် စီးချင်းထိုးနေရတာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့ခံအာရုံက အားကောင်းလာတာမို့ အရင်က ပုံမှန်ဖြစ်နေကျ အနံ့တွေကို မခံနိုင်တော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကိုယ့်ယောက်ျားရဲ့ ကိုယ်နံ့ကိုပါ လက်မခံနိုင် ဖြစ်လာတဲ့အခါ ယောကျာ်းဖြစ်သူက "ငါ့ကို ရွံနေတာလား" ဆိုပြီး စိတ်မဆိုးပါနဲ့။ မိခင်တွေရဲ့ ခန္ဓာကိုယ်က အလိုလို အာရုံဆန်းစစ်မှု လွန်ကဲနေလို့ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးမွေးရလွယ်အောင် လမ်းကြောင်းပွင့်ဖို့ အရိုးအဆစ်တွေကို ပျော့ပြောင်းစေတဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ အကျိုးဆက်ကတော့ ကလေးမွေးခါနီးမှ မဟုတ်ဘဲ လမ်းလျှောက်ရင်၊ ထိုင်ရင်၊ အိပ်ရာအထတွေမှာ တင်ပါးဆုံရိုးတွေ၊ ခါးရိုးတွေ နာကျင်လွန်းတဲ့ ဝေဒနာကို ခံစားရပါတယ်။
ဗိုက်ထဲက ကလေးဆီ သွေးနဲ့အောက်ဆီဂျင် ပို့ပေးဖို့အတွက် မိခင်လောင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးပမာဏက ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းနီးပါးအထိ သိသိသာသာ တိုးလာပါတယ်။ ဒီအချိန်မှာ နှလုံးက ပုံမှန်ထက် အလုပ် နှစ်ဆပိုလုပ်ရလို့ ဘာမှမလုပ်ဘဲ ထိုင်နေရင်းတောင် မောတာ၊ ရင်တုန်တာ၊ မွန်းကျပ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတွေအတွက်တော့ အခက်ခဲဆုံးနဲ့ မေ့မရနိုင်ဆုံး အချိန်တွေပါပဲ။ ရင်သွေးလေးကို လွယ်ထားရလို့ ကြည်နူးဝမ်းသာတာက တစ်ဖက် ကိုယ်ဝန်ဆောင် လက္ခဏာတွေကြောင့် စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်တာက တစ်ဖက်နဲ့ မိခင်တစ်ယောက်ရဲ့ ဘဝက ထင်ထားတာထက် ပိုပြီး ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ့်ရင်သွေးလေးကို လွယ်ထားရတဲ့ အမျိုးသမီးကို အရင်ထက်ပိုပြီး ဂရုစိုက်ပေးပါ၊ ဖေးမစောင့်ရှောက်ပေးဖို့ မမေ့ပါနဲ့နော်..
အကောင်းဆုံးစာအုပ်များဝယ်ရန် >bit.ly/44AZzUf
ချစ်တဲ့ True Learning