ကျွန်မသားလေးကို ဆွေမျိုးတွေက နောက်ကွယ်မှာနာမည်ပေးထားတယ် ချဉ်ဖတ်တဲ့။

သားလေးက တစ်ဦးတည်းသောသား။ အငယ်ဆုံးဖြစ်တဲ့ကျွန်မကမွေးတဲ့ တစ်ယောက်တည်းသော သားလေးလည်းဖြစ်တော့ တစ်မျိုးလုံးကသည်းကြတယ်။ အိမ်မှာရှိတဲ့လူတွေကတော့ အဆိုးဆုံးပေါ့။ သားနဲ့ပတ်သတ်ရင် အထိကိုမခံ အကဲကိုပိုလွန်းတယ်။ ကျွန်မကလည်း များသောအားဖြင့် သားနဲ့နီးကပ်မနေရဘူး အလုပ်က ခရီးပဲထွက်နေရတော့ သားက သူ့အဖွား၊ ကြီးကြီးတွေကြား တဖြည်းဖြည်း ကြီးပြင်းလာ။

တစ်မျိုးလုံးက ဖူးဖူးမှုတ်အလိုလိုက်ထားတော့ သားက ဆိုးချင်တိုင်းကို သိပ်ဆိုးတယ်။ လူကြီးတွေကိုဆို မထီမဲ့မြင်နဲ့။ သူစိတ်တိုင်းမကျရင် ပစ္စည်းတွေလွှင့်ပစ်၊ ဘေးနားကလူကို ရိုက်နှက်နဲ့ စိတ်ထင်တိုင်း သောင်းကျန်းနေခဲ့တာ။ ကျွန်မအိမ်ပြန်ရောက်လို့ အနားကပ်မယ်ဆိုရင်တောင် သားကအမေရယ်လို့ အရိုအသေမရှိ။ တစ်ခုခုဝယ်လာလို့ ကျေးဇူးတင်ရမယ်မသိ၊ သူ့အတွက် ဝတ္တရားရှိလို့ လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ မချေမငံဆက်ဆံချင်လာတယ်။

သူ့ကိုဆုံးမမယ်ကြံလိုက်တာနဲ့ အရှေ့မှာ ကာနေတဲ့ သူ့ဖွားတွေ၊ ကြီးတွေကြား ကျွန်မကပဲ အုပ်ထိန်းသူမဟုတ်တော့သလိုလို။ ကျွန်မက အတူမနေနိုင်တာမို့ ဆုံးမပဲ့ပြင်ခွင့်မရှိတော့သူလိုလို။ သားကလည်း တစ်ခုခုလိုအပ်ရင်တောင် ကျွန်မကိုမပြော သူတို့ဆီကတဆင့်မှပဲ ရောက်လာတော့တယ်။ သူတို့ကလည်း သားက ကျွန်မကို ပိုသာသွားမှာစိုးပြီး လိုက်ကာဆီးနေတော့ တဖြည်းဖြည်းနဲ့ ကျွန်မနဲ့သားဟာ ပိုပိုဝေးလာပါတော့တယ်။

သားက အကြီးတွေကို မထီမဲ့မြင်လုပ်တဲ့အခါ ကလေးမို့ဆိုပြီး နားလည်ပေးစေချင်ကြတယ်။ သားက အငယ်တွေကို အနိုင်ကျင့်တဲ့အခါကျတော့ အကြီးမို့လို့ဆုံးမရမယ်ဆိုပြီး ခွင့်လွှတ်ပေးခိုင်းကြပြန်တယ်။ ဒီလိုနဲ့သားက အရာရာမှာ သူနိုင်ရတယ်၊ သာကိုသာရမယ်ဆိုတဲ့စိတ်နဲ့ ဘယ်သူ့ကိုမှမကြောက်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့ တဖြည်းဖြည်း သူ့ကို အမျိုးအဆွေတွေက ခပ်ခွာခွာနေတယ်။ အပေါင်းအသင်းတွေကလည်း မသိချင်ယောင်ဆောင်တယ်။

သားကို သူတို့က ကျွန်မနောက်ကွယ်မှာ ချဉ်ဖတ်လို့ခေါ်ကြပါတယ်။ ဒီစကားကိုကြားခါစကနာကျင်ရလွန်းပေမယ့် သားအပြုအမူတွေကိုမြင်တော့လည်း သူတို့ပြောတာ မလွန်ဘူးလို့ သိလာရတယ်။ ကျွန်မသားလေးကို လူဆိုးအဖြစ်ကနေကာကွယ်ပေးချင်ပါတယ်။ သားလေးကို လူတွေအပြောခံရမယ့်ဘေးကနေလည်း ဆွဲထုတ်ချင်တယ်။ အချိန်သာမီသေးမယ်ဆိုရင် သားလေးကို ပြန်ပြီးဆုံးမထိန်းကျောင်းနိုင်မယ်ထင်ပါတယ်။ သားလေးကို ဆိုးသွမ်းတဲ့ကောင်လေးအဖြစ် မကြီးပြင်းစေဖို့ ကျွန်မအချိန်မီလေး သားဆီကို ပြန်ရောက်ဖို့လည်း လိုပါတယ်။ ကျွန်မသားလေးကို မတတ်သာလို့ချစ်ခင်ရတာမျိုးမဟုတ်ဘဲ တကယ့်စိတ်ရင်းနဲ့ချစ်ပေးမယ့်အခြေအနေပြန်ရောက်ဖို့ ကျွန်မအများကြီး ကြိုးစားရဦးမယ်။


Older Post Newer Post


Leave a comment