သူတို့လေးတွေကို ယုံကြည်ပေးပါ
ကလေးတွေကလေ သူတို့ကို လူကြီးလိုအရေးလုပ်ရင်သိပ်ပျော်တတ်ကြတယ်။ ဟင်းချက်ရင်လည်း ပါချင်တယ်၊ အိမ်သန့်ရှင်းရေးလည်း ပါမှာပဲ၊ ဈေးဝယ်ရင်လည်း ထိပ်ဆုံးကလေ။ သူတို့ကိုယုံကြည်ပေးတယ်ဆိုရင် အားတက်သရော လုပ်တတ်ကြတယ်။ ဒါကြောင့် ကလေးတွေကို အားပေးပါ၊ ချီးကျူးပေးပါ သူတို့လုပ်နိုင်တာလေးတွေကို အသိအမှတ်ပြုပေးပါ။ ဒါဆို သူတို့ပိုပြီး အားတက်လာမယ်၊ ပိုကြိုးစားချင်ကြတယ်။ တခြားသူတွေနဲ့ယှဉ်ပြီး ဘယ်သူတွေက ဘယ်လိုလုပ်နိုင်တယ်လို့နှိုင်းပြေမယ့်အစား သူတို့တစ်ကိုယ်ရည်အရည်အချင်းကို သူတို့ဘာသာနဲ့ပဲယှဉ်ပြီး မြှင့်တင်ပေးပါ။ ဥပမာ “ သားလေးက ဒါကိုတောင် လုပ်တတ်သွားပြီ၊ သမီးလေးက ဆံပင်တောင် စည်းတတ်သွားပြီ” စသည်ဖြင့် သူတို့တိုးတက်လာတာကို သိအောင်လုပ်ပေးပါ။ အသိအမှတ်ပြုပေး၊ လက်ခုပ်တီးပေးခြင်းက သူတို့ကိုယ် အားဆေးလေးတွေချကျွေးသလိုပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေပါတယ်။
သူတို့မလုပ်နိုင်တာလေးတွေအတွက်လည်း စိတ်ဓါတ်မကျပါစေနဲ့။ ဒါက ငယ်သေးလို့မလုပ်နိုင်တာ၊ ဒါက အချိန်မတန်သေးလို့ လုပ်လို့မရတာ စသည့်ဖြင့် အခုမလုပ်နိုင်ခဲ့ရင်တောင် နောက်လုပ်နိုင်မှာပါဆိုတဲ့ ယုံကြည်မှုမျိုး ပျိုးထောင်ပေးပါ။ လတ်တလောမတတ်နိုင်ပေမယ့် တစ်ချိန်ကျဖြစ်လာမှာဆိုတဲ့စိတ်မျိုးက သူတို့ကို စိတ်ဓါတ်ကျခွင့်မပေးတော့ပါဘူး။ ပိုပြီးအာရုံစိုက်လာမယ်၊ ပိုပြီး ကြိုးစားချင်လာစေမယ်လေ။ တကယ်လို့ တစ်ခုခုကို သူတို့ကျရှုံးရင်လည်း ကျရှုံးခွင့်ပေးလိုက်ပါ။ အမြဲတမ်းအောင်မြင်နေတာမဟုတ်ကြောင်း ပေးသိပါ။ ကျဆုံးမှုကနေတဆင့် ပြန်လည်အောင်မြင်ဖို့လမ်းကြောင်းအခွင့်အလမ်းရှိနေတာကို အသိပေးပါ။ တစ်ခါမှားယွင်းသွားတိုင်း လက်လျှော့စရာမလိုဘူးဆိုတဲ့အကြောင်း သင်ပြပေးပါ။ နောက်တစ်ခေါက်အခွင့်အရေးပေးရင် ဒီထက်ပိုကောင်းအောင်လုပ်နိုင်မယ်ဆိုတာ ယုံကြည်ကြောင်း သူတို့လေးတွေကို ပြေပြပေးပါ။ မှားယွင်းမှုအပေါ်သင်ခန်းစာယူပြီး ဘယ်လိုပိုကောင်းအောင် တည်ဆောက်မလဲဆိုတာ သူတို့လေးတွေ သိပါစေ။
ကလေးငယ်တွေကို ယုံကြည်ပေးဖို့လိုပါတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်ဆိုတာမကောင်းဘူးဆိုတာကိုလည်း သူတို့သိအောင် အပြုသဘောဆောင်ပြီးပြောပြသင့်ပါတယ်။ နောက်ပြီး ယုံကြည်စိတ်ချတာနဲ့ ဖြစ်ချင်ရာဖြစ်ပစ်ထားတာဟာ မတူတဲ့အကြောင်း ရှင်းပြပေးပါ။ သူတို့လုပ်နိုင်စွမ်းအပေါ်မူတည်ပြီး ဘာတွေလုပ်ဆောင်နိုင်မလဲ သူတို့နဲ့အတူတူရှာဖွေပါ။ သူတို့ဝါသနာကို မှန်မှန်ကန်ကန် ထောက်ပံ့နိုင်ဖို့ကြိုးစားရင်း သူတို့ဖြစ်ချင်တဲ့ပုံစံကို သူတို့ဘာသာ တည်ဆောက်နိုင်ဖို့ ကူညီပေးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ကလေးငယ်တွေတိုင်းဟာ စိတ်လုံခြုံမှုအပြည့်အဝနဲ့ ကြီးပြင်းလာဖို့အတွက် ထိုက်တန်တဲ့ သူတွေပဲမဟုတ်လား …. ။။