သမီးကြီးရဲ့ချစ်မေတ္တာ

အိမ်ကို အငယ်လေးရောက်မလာခင်တုန်းက မီးမီးက အိမ်မှာဗိုလ်ပဲ။ အခုအငယ်လေးရောက်လာတော့ မီးမီးကို မေမေတို့က မချစ်တော့သလိုပဲ။ အငယ်လေးနားကိုပဲ ကပ်နေတယ်၊ အငယ်လေးကိုပဲ ဂရုစိုက်နေကြတယ်။ မီးမီးငိုပြရင်တောင် မချော့တော့ဘူး။ ရေခဲမုန့်လည်းဝယ်မကျွေးတော့ဘူး အငယ်လေးကိုပဲ ချီပြီး ဖေဖေနဲ့မေမေက အားကိုမအားတော့ဘူး။ အငယ်လေးကလည်း အာပြဲလေးနော် ငိုလိုက်ရင်လည်း အသံပြဲလေးနဲ့ ဆံပင်သေးသေးလေးတွေနဲ့ ချစ်စရာလေးပါ။ ဖိုးဖိုးကြီးက မီးမီးကို ဆုံးမတယ် မီးမီးက အငယ်လေးရဲ့မမဖြစ်သွားပြီတဲ့။ အကြီးဆိုတာ အငယ်ကိုညှာရတယ်တဲ့၊ အငယ်ကိုဦးစားပေးရတယ် ဒါမှ မီးမီးက လိမ္မာတဲ့ကလေးဖြစ်မှာတဲ့။ ပထမတော့ မီးမီးကို ဂရုမစိုက်လို့ အငယ်လေးကိုကြည့်မရသလိုဖြစ်နေပေမယ့် နောက်ကျတော့လည်း အငယ်လေးကိုချစ်သွားတာပါပဲ။ အငယ်လေးကို မနိုင့်တနိုင်ပွေ့ချီရတာကိုကြိုက်တယ်၊ အငယ်လေးက မီးမီးလက်ကို ဆုပ်ထားပြီးရယ်ပြတဲ့အခါ မီးမီးပျော်တယ်။ မီးမီးဆိုးလာပြီဆိုရင် မေမေက “ အငယ်လေးကို သူများကို ပေးပစ်လိုက်တော့မှာနော်” ဆိုတာနဲ့ မီးမီးက တိတ်သွားတော့တာပဲ။ မီးမီးညီမလေးကို သူများကို မပေးချင်ဘူးလေ။
မမက ငယ်လေးအတွက်တော့ နတ်သမီးလေးလိုပါပဲ။ ငယ်လေးကိုမုန့်တွေဝယ်ကျွေးတယ်၊ အရုပ်တွေလည်းဝယ်ပေးတယ်။ ငယ်လေးလိုချင်တယ်လို့ပူဆာသမျှ မမက အကုန်လုပ်ပေးတတ်တယ်။ မမအရုပ်ကိုလိုချင်တယ်ဆိုရင်လည်း ချက်ချင်းပေးတယ်၊ မမဝတ်ထားတဲ့ဂါဝန်လေးလို့ ဂျီကျရင်လည်း ချက်ချင်းချွတ်ပေးတယ် မမက ငယ်လေးကို ဘယ်တော့မှ မငြိုငြင်ဘူး။ ငယ်လေးနည်းနည်းကြီးလာတော့ မမက ကျောင်းသွားပြီဆိုရင် ငယ်လေးက တာ့တာပြပြီးကျန်ခဲ့တယ်။ မမပြန်လာတာနဲ့ ငယ်လေးဆီကို ပြေးလာပြီး မုန့်တွေအကုန်ထုတ်ပေးတယ်။ ငယ်လေးကိုပွေ့ချီပြီး အတူတူကစားကြတယ်။ ငယ်လေးကလည်း မမခွံ့ကျွေးတဲ့ထမင်းကိုပဲ စားတယ်။ မမကို မေမေတို့ဆူရင် ငယ်လေးကမကြိုက်။ ငယ်လေးကိုဆူရင်လည်း မမက ကာပေးတတ်တယ်။ မေမေတို့ကပြောတယ် “ ဒီညီအစ်မချစ်တတ်ပုံကတော့ အံ့မခန်းပဲ” တဲ့။
သမီးငယ်လေးကို မွေးတော့ သူက ချူခြာတယ်၊ မွေးရာပါရောဂါလေးတွေပါလာတာမို့ ဆေးရုံဆေးခန်းမကြာခဏသွားရတယ်။ သမီးကြီးကို လျစ်လျူရှုသလိုဖြစ်မှာစိုးလို့ ဂရုစိုက်ဖို့တွေးထားပေမယ့် တကယ်တမ်းကျတော့ နှစ်ယောက်လုံးကို အာရုံစိုက်ဖို့အတွက် အချိန်မလုံလောက်။ ဟိုပြေးဒီပြေးနဲ့မို့ သမီးကြီးက စိတ်ကွက်မလား ကျွန်မတို့နှစ်ယောက်လုံးစိတ်ပူမိပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် သမီးကြီးက အရွယ်နဲ့မမျှ နားလည်ရှာတယ်။ သူ့ညီမလေးကိုလည်းချစ်လိုက်တာ တုန်နေတာပါပဲ။ သမီးငယ်လေးလိုသမျှကို မငြိုမငြင်ပေးခဲ့တယ်၊ ခင်တွယ်တာလည်း တအားပဲ။ သမီးငယ်လေးကြီးလာတော့လည်း သူ့အစ်မကိုကပ်ပြန်တယ်။ သူ့အစ်မကိုထိလို့မရအောင်ကို ချစ်တာမို့ ကျွန်မတို့တောင်ကြားဝင်လို့မရ။ သူတို့ညီအစ်မချစ်လွန်းကြပုံများ ကျွန်မတို့တောင် အံ့သြရသည်အထိ။ အပြန်အလှန်မေတ္တာဆိုတာ တကယ်ကို မှန်တယ်နေမှာ။ သမီးကြီးက သူ့ကိုယ်ကျိုးကိုမတွေးဘဲ အရွယ်နဲ့မလိုက်အောင်ကို နားလည်သိတတ်တဲ့အပြင် သူ့ညီမလေးကို စိတ်ရင်းနဲ့ချစ်ရှာတော့ ညီမလုပ်တဲ့သူကလည်း အစ်မနဲ့မတည့်ဘူးဆိုတာကိုမရှိအောင် အတုံ့အလှည့်ချစ်ကြတာ။
မေတ္တာတရားဟာ အေးမြပါတယ်။ အသက်ကလည်း သိပ်မကွာတာမို့ သမီးကြီးကသာ ကျွန်မတို့အပေါ်အထင်လွဲပြီး အငယ်မလေးအပေါ် အမျက်ဝင်ခဲ့ရင် အခုချိန်မှာ ဒီညီအစ်မနှစ်ယောက်ကြား ပူပန်နေရဦးမှာ။ ဒါပေမယ့် သမီးကြီးရဲ့ သည်းခံနိုင်စွမ်းနဲ့ သူ့ညီမလေးအပေါ်ထားတဲ့မေတ္တာကြောင့် သမီးလေးက တန်ပြန်တုန့်ပြန်တာလေ။ သမီးကြီးရဲ့စေတနာမှန်တာမို့ သူ့ညီမလေးရဲ့အချစ်ကို ဂရုတစိုက်ပြန်ရတာလို့ ကျွန်မကတော့ယုံကြည်တယ်။ မောင်နှမသားချင်းကြားက ဒီနားလည်မှုလေး အရေးကြီးတာကိုလည်း ပိုနားလည်လာတယ်။ နောက်တော့ သမီးကြီးကို အတုယူပြီး ကျွန်မတို့မောင်နှမတွေကြားမှာ ပျောက်ဆုံးနေတဲ့ နွေးထွေးမှုကို ပြန်ရှာမိတယ်။ သမီးကြီးကပေးတဲ့ အသိစိတ်ကလေးကြောင့် အသက်တွေအများကြီး မအိုမင်းခင် ကျွန်မတို့ မောင်နှမတတွေ ချစ်ချစ်ခင်ခင်ပြန်နေခွင့်ရခဲ့တာပါပဲ။ ကျေးဇူးတင်ပါတယ် ချစ်သမီးကြီးရေ … ။ ။

Older Post Newer Post


Leave a comment