
မုန့်ဆိုရင်လည်း တစ်ယောက်တည်းပဲစားတတ်တယ်။ သူမကုန်ရင်တောင် သူများကို ကျွေးလိုက်ဖို့နှမြောတယ်၊ ချန်ထားဖို့လည်း စိတ်မဖြောင့်ဘဲ မကုန်ကုန်အောင်စားတတ်တော့ အန်တာလည်း ခဏခဏပါပဲ။
သိပ်ပြီးလည်း အသန့်ကြိုက်တယ်။ တော်တန်ရုံသူငယ်ချင်းကိုလည်း မပေါင်းနိုင်ဘူး ဘဝင်ကမြင့်သေးတယ်။ ညစ်ပတ်နေတဲ့ကလေးတွေဆိုရင် သူမခေါ်ဘူး။ သူ့ကိုလာထိရင်လည်း မကြိုက်ပြန်ဘူး။ ငယ်ငယ်လေးနဲ့ မာနကြီးနေတော့ ကျွန်မလည်း ဘယ်လိုဆုံးမမ မရ။ စိတ်တွေလည်း ညစ်ပါတယ်။ တကယ်တမ်း ကျွန်မတို့လည်း အဲဒီလို ခွဲခြားတတ်အောင် မသင်ပေးခဲ့။
တစ်ခေါက်တော့ ကျွန်မတို့အမျိုးတွေရှိတဲ့နယ်ကို ရက်ရှည်သွားလည်ကြတယ်။ သမီးက တုတ်တုတ်ခဲခဲ ချစ်စရာလေးဆိုတော့ အကုန်လုံးကဝိုင်းချစ်ကြတာပေါ့။ သမီးတော့ သူ့ထုံးစံအတိုင်း ပေတိပေကပ်၊ ခွဲခြားခွဲခြားနဲ့ ဘယ်သူ့ကိုမှမခေါ်သလို သွားလည်းမဆော့။ ဒါပေမယ့် အဲဒီက ကလေးတွေကတော့ သမီးကိုချစ်တာပါပဲ။ ညီမလေး ညီမလေးနဲ့။ သမီးကတော့ မျက်စောင်းတထိုးထိုး … ညစ်ပတ်ကလေးတွေတဲ့လေ။ ဘယ်လိုဆူဆူခြောက်ခြောက်မရဘူး။
ပြန်ခါနီးရက်နီးတဲ့အချိန်မှာ မိုးတွေလေတွေကြီးပြီး ကျွန်မတို့တည်းတဲ့အိမ်ကလေး ကမ်းပါးပဲ့တဲ့အထဲ ပါသွားပါလေရော။ ကံကောင်းစွာနဲ့ လူတွေအကုန်ရွှေ့ပြောင်းလို့ရပေမယ့် ပစ္စည်းတွေကတော့ မသယ်လိုက်နိုင်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ နီးစပ်ရာ လုံခြုံတဲ့ဆီကို ပြေးကြရတယ်။ မှောင်ထဲမည်းထဲ ခိုက်ခိုက်တုန်ရင်းက ကြောက်လန့်နေတဲ့သမီးဟာ မိုးလင်းလာတော့ သူ့အရုပ်လေးတွေ၊ သူ့ပစ္စည်းတွေလို့ ငိုယိုနေပါလေရော။ သူ့မှာ ဘာမှမှမရှိတော့တာကို ချက်ချင်းဝယ်ပေးဖို့လည်း ခက်ခဲနေတဲ့အခါ သမီးက ငိုတာမတိတ်တော့ဘူး။
အဲဒီမှာ ရွာထဲက ကလေးမလေးတွေဟာ စီရရီနဲ့ရောက်လာပြီး သူတို့ပိုင်တဲ့ပစ္စည်းလေးတွေ တစ်ခုချင်းစီပေးလို့ သမီးလေးကို ဝိုင်းချော့ကြတယ်။ အရုပ်ကလေးတွေ၊ သူတို့မှာရှိတဲ့မုန့်တွေ၊ တချို့ဆို သူတို့စုဘူးလေးတွေ၊ တချို့ကလည်း သူတို့အတွက်အကောင်းဆုံးလို့ထင်တဲ့ ဟာတွေအကုန်ပေါ့။ သမီးလေးကို သူတို့ကချစ်ကြတာကိုး။ သမီးလေးကမခေါ်ပေမယ့် သူတို့မျက်စိထဲတော့ သမီးလေးဟာ ချစ်စရာအရုပ်မလေးလိုဖြစ်နေတော့ သမီးလေးငိုတော့ သူတို့တတ်နိုင်သမျှနဲ့ချော့ကြတာ။
သူတို့အလှုမှာဝတ်တဲ့အကျီၤလေးတွေကို သမီးအတွက်ယူလာတယ်။ သူတို့တောင်မဝတ်ရသေးတဲ့အသစ်လေးတွေကို သမီးအတွက်၊ သူတို့တောင်မဆော့ရသေးတာတွေကို သမီးလေးအတွက်၊ သူတို့မစားရက်တာလေးကို သမီးအတွက်။ အိမ်ဝန်းလေးထဲမှာ သမီးကိုချစ်တဲ့ကလေးတစ်သိုက်နဲ့ပြည့်လို့ပေ့ါ။ သမီးငယ်ဟာ အဲဒီကလေးလေးတွေဆီက မေတ္တာကို ရသွားပုံပါပဲ။ သူ့မှာဘာမှမရှိတော့တာမို့အကျီၤလေးတွေယူဝတ်၊ ကစားစရာလေးတွေအတူကစားနဲ့ သူတို့ဘာသာပွဲတွေကျလို့။
နောက်တစ်ခေါက်ရွာကိုပြန်တော့ ကစားစရာကိုပုံးအပြည့်၊ သူမဝတ်တော့တဲ့ အကျီတွေရောအသစ်တွေကိုရော လက်ဆွဲအိတ်နဲ့အပြည့်၊ သူ့မုန့်ဖိုးနဲ့စုပြီး မုန့်တွေဝယ်တာ သူ့ကျောပိုးအိတ်လုံးလုံးလေးနဲ့အပြည့်။ သမီးဟာ ပြုံးလို့ရွှင်လို့ ရွာရောက်တော့ မမတို့ဆိုပြီး လည်လိုက်တာ အိမ်ပေါက်စေ့ရောက်လို့ ညမိုးချုပ်မှ ပြန်လိုက်ခေါ်ရတယ်။ ကလေးတစ်သိုက်အတူဆော့တာမောပြီး အိပ်တောင်နေကြရှာပြီ။
ဘာမှမရှိတော့တဲ့အချိန်မှာတောင် သမီးအပေါ် ချစ်နိုင်ကြတဲ့ မေတ္တာတွေကို သမီးဟာ မြင်သွားပုံရတယ်။ သမီးက ဘယ်လိုပဲ မာနကြီးခဲ့တာတောင် သမီးလေး ချို့တဲ့တဲ့အချိန် သူတို့မှာရှိတာလေးတွေလာပေးကြတဲ့အချိန် သမီးက သိပ်အံ့သြသွားခဲ့ပုံပေါ်ပါတယ်။ တစ်ယောက်ကို ပေးကမ်းမျှဝေရတဲ့ပီတိကို ကျွန်မတို့ရှင်းပြစရာမလိုတဲ့ ဘာသာစကားနဲ့ သမီးဟာ ကြားမြင်ခဲ့ပါတယ်။ အကျိုးအမြတ်အမျှော်အကိုးမထားတဲ့ ခင်မင်ရင်းနှီးမှုဟာ တကယ်ရှိတယ်ဆိုတာလည်း နားလည်သွားခဲ့တယ်။ သူခွဲခြားခဲ့သမျှကိုလည်း သူကိုယ်တိုင်ပဲ ရှက်သွားခဲ့တယ်ထင်ပါတယ်။ အဲဒီနောက်တော့ သမီးဟာ ကပ်စေးမနှဲတော့ဘူး၊ မနှမြောတတ်တော့ဘူး။ မျှဝေတတ်၊ ပေးကမ်းတတ်လာတယ်။ သမီးဟာ မေတ္တာတွေ ပေးတတ်လာပါတယ်။
မေတ္တာတရားဟာ သော့ချက်ဖြစ်ပါတယ်။ လက်ဗလာနဲ့အခြေအနေမှာတောင် သင့်အနားရှိနေမယ့်သူတွေဟာ မိတ်ဆွေရင်းချာတွေပဲ ဖြစ်ပါသတဲ့ … ။ ။