ချစ်စနိုးနဲ့စတာ မှဟုတ်ရဲ့လား.....

“ ဟေ့ သခေါလေး”
“ ဂျပုရေ”
“ နားကားမ”
“ မီးသွေးခဲ”
ကလေးတွေကို အဲဒီလိုခေါ်တာမျိုး မကြာခဏကြုံဖူးမှာပါ။ ကိုယ်တိုင်တောင် တစ်ခါတလေ ခေါ်ဖူးကြဦးမယ်။ ကလေးတွေကို ချစ်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ ပုံပန်းသွင်ပြင်နဲ့ပတ်သတ်ပြီး နှိမ်သလို၊ ချိုးသလိုခေါ်တာမျိုးဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ အထူးအဆန်းတော့မဟုတ်တော့သလိုပါပဲ။
ချစ်စနိုးခေါ်တာပါ မထိခိုက်စေချင်ပါဘူးဆိုပေမယ့် သူတို့အားနည်းချက်ကို ထပ်ခါတလဲလဲ စနောက်နေခြင်းက သူတို့စိတ်ထဲမှာ ဘာမှမခံစားရဘဲနေပါ့မလား။ မတတ်သာလို့၊ ပြန်မပြောသာလို့ ငြိမ်ခံလိုက်ရပေမယ့် သူတို့မနာကျင်ပါဘူးလို့ ဘယ်သူက အာမခံနိုင်မှာတဲ့လဲ။ အကျင့်တောင်ဖြစ်သွားပြီလို့ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း သူတို့အတွက် ဒီအခြေအနေကို မတွန်းလှန်နိုင်လို့သာပါပဲ။
အနှိမ်ခံရတဲ့ခံစားချက်ကိုသိလား။ “ မေမေရယ် သမီးသွားတွေကို ချိုးပေးလို့မရဘူးလား သမီးဒီသွားတွေကို မုန်းတယ်” လို့ ကျောင်းကအပြန် ရှိုက်ကြီးတငင်ငိုပြီးပြောလာတဲ့ ရှစ်နှစ်သမီးကြောင့် ကျွန်မတကယ်လန့်သွားမိတယ်။ “သွားခေါမကြီး အုန်းသီးခြစ်လို့ရတယ်” လို့ ဝိုင်းဝိုင်းစကြလို့တဲ့။ အိမ်မှာကူလုပ်ပေးတဲ့ ခလေးမလေးကို သူ့မျက်နှာက မှဲ့ခြောက်တွေကြောင့် ငုံးဥနဲ့တူတယ်ဆိုပြီး ခဏခဏစတော့ တစ်နေ့သူငိုသွားတာကို အပိုတွေလို့ထင်ခဲ့ဖူးတယ်။ မိုက်မဲလိုက်တဲ့ ကျွန်မ။ ကိုယ့်သားသမီးကျမှ နာရမှန်းသိတယ်။ သမီးလေးလိုပဲ သူလည်း နာကျင်ခဲ့ရှာမှာပဲ။ ရှက်ခဲ့ရှာမှာပဲ။
မွေးရာပါအမှတ်အသားတွေ၊ သွင်ပြင်တွေနဲ့ အသားအရောင်တွေဟာ သူတို့ရွေးချယ်ခွင့်ရှိတဲ့အရာတွေမဟုတ်ပါဘူး။ တချို့အရာတွေက ပြုပြင်လို့ရပေမယ့် တချို့အရာတွေက တစ်သက်လုံးပါသွားမှာပါ။ ကိုယ့်အားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းလိုက်လို့ရတယ်ဆိုသည့်တိုင် အဲဒီအားနည်းချက်ကို ဖိနှိပ်ပြီးမှ သူတို့ကျတဲ့မျက်ရည်အပေါ် ကျွန်မတို့က ပျော်နေမယ်ဆိုတာ တရားပါရဲ့လား။ လူကြီးဆိုပြီး ကလေးတွေအပေါ် ထင်သလို စနောက်အနိုင်ကျင့်ခွင့် ကျွန်မတို့မှာရှိသလား။
အဲဒီနေ့က သမီးလေးငိုခဲ့ရသလို သမီးလေးလို အရှက်ရအောင်အထိ လှောင်ပြောင်ဖိနှိပ်ခံရတဲ့ ကလေးတွေ ဘယ်လောက်တောင်များ ဖြစ်နေပြီလဲ။ ပြန်ပြောခွင့်မကြုံလို့ မထုံတတ်တေး ရယ်မောလိုက်ရပေမယ့် သူတို့နာမည်မဟုတ်တဲ့ အဲဒီ အားနည်းချက်ကြီးကို ဘယ်သူကရော သဘောကျနေမှာတဲ့လဲ … ။ ။

Older Post Newer Post


Leave a comment