အပျိုဘဝတုန်းကလို အလှမပြင်ရတော့ဘူးလား၊ ????

အပျိုဘဝတုန်းကလို အလှမပြင်ရတော့ဘူးလား၊ ????
အိမ်ထောင်ကျသွားတာနဲ့ အပျိုဘဝတုန်းကလို အလှမပြင်ရတော့ဘူးလား၊ အပျိုဘဝတုန်းကလို လှလှပပလေး မဝတ်ရတော့ဘူးလား၊ ဆံပင်ပုံစံလှလှလေး ထားခွင့်မရှိတော့ဘူးလား၊ ဖိနပ်လှလှလေးတွေ စီးခွင့်မရှိတော့ဘူးလား။ အဲဒါတွေလုပ်ရင် ပတ်ဝန်းကျင်က ဘာပြောလဲ … လုပ်မနေနဲ့ နင်တစ်ယောက်ပဲ ရမှာကို လှချင်မနေနဲ့တဲ့။ အိမ်ထောင်ကျတာပါ …. လူပြောင်းလဲသွားတာမဟုတ်ပါဘူး၊ လှချင်လို့ကောမရဘူးလား။
များသောအားဖြင့်ကတော့ အိမ်ထောင်သည်ကနေ မိခင်တစ်ယောက်ဖြစ်လာမယ်၊ ဝလာတာလည်း ရှိမယ်၊ ပိန်လည်းပိန်သွားနိုင်တယ်၊ ဆံပင်တွေကျွတ်နိုင်တယ်၊ လက်သည်းတွေ ညှပ်ပစ်လိုက်ရမယ်၊ ဒေါက်ဖိနပ်လေးတွေ ချောင်ထိုးလို့ လက်လှမ်းမှီတာလေးတွေပဲ စီးတော့တယ်၊ ဝတ်ရလွယ်တာတွေပဲ သက်သောင့်သက်သာ ဝတ်တော့တယ် အဲဒီလိုနဲ့ အမျိုးသမီးလေး တစ်ယောက်ကနေ မိန်းမကြီး တစ်ယောက်အဖြစ်ကို ပြောင်းလဲသွားတယ်။ ပြီးတော့ ဘာြဖစ်လဲ သိလား သူက သူ့ကိုယ်သူလည်း စိတ်တိုင်းမကျတာမျိုး ဖြစ်လာနိုင်တယ်၊ အဲဒီအခါကျတော့လည်း နင့်ကိုကြည့်ရတာ အိုစာလာပြီ အပျိုတုန်းကလှခဲ့တာတွေ ဘယ်ရောက်သွားလဲတဲ့ ပြောကြပြန်ရော ပတ်ဝန်းကျင်ဆိုတာကလည်း ဘာမှကိုမလွတ်ဘူးရယ်ရတယ်။
လှပါ …. အလှပြင်ပါ၊ လှတပတလေး နေပါ၊ စိတ်ချမ်းမြေ့စွာနဲ့ ကြည်ကြည်လင်လင်ကလေးနေပါ။ အလှပြင်ရမယ်ဆိုတာ မိတ်ကပ်တွေနဲ့မှ မဟုတ်ပါဘူး သနပ်ခါးလေးလိမ်းလို့ ဆံပင်လေး သေချာဖြီး ကိုယ်သဘောကျတဲ့ အဝတ်ကလေးရွေးဝတ်လို့ သက်သောင့်သက်သာလေး နေတာကလည်း လှလှပပနေထိုင်တာပါပဲ။ လှတယ်ဆိုတာ ကိုယ့်ယုံကြည်မှုကိုယ် တည်ဆောက်တဲ့ သဘောပါပဲ၊ ကိုယ့်တစ်ကိုယ်ရေစာ စိတ်ချမ်းမြေ့နေဖို့အတွက် ဖန်တီးတဲ့ သဘောပါပဲ။ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဟာလည်း လှခွင့်ရှိပါတယ်။
လှပါ …ခင်ပွန်းအတွက် လှတာမဟုတ်ဘဲ၊ သမီးသားအတွက် လှတာမဟုတ်ဘဲ၊ တစ်စုံတစ်ယောက်အတွက် လှတာမဟုတ်ဘဲ၊ ဘယ်သူ့အတွက်မှမဟုတ်ဘဲလှတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ့်ကိုယ် ချစ်လို့ လှပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး စိတ်ကျန်းမာဖို့အတွက်လှပါ။ ကိုယ့်ဖြစ်တည်မှုကိုယ် မှေးမှိန်သိမ်ငယ်နေတာမျိုး မဖြစ်ဖို့အတွက် လှပါ။ ကျွန်မတို့ အိမ်ထောင်သည်၊ သားသည်မိခင်တွေဟာလည်း ဘာလို့မလှနိုင်ရမှာ … ။ ။

Older Post Newer Post


Leave a comment