အမေနဲ့ ကျွန်မကြားက တိုက်ပွဲ

အမေနဲ့ ကျွန်မကြားက တိုက်ပွဲ
ကျွန်မသမီးလေးက အခုမှ သုံးနှစ်။ အမေနဲ့ ကျွန်မ ပြသနာဖြစ်ရတာက သမီးတစ်သက်ပဲ။ မဟုတ်ဘူး အဲဒီထက်တောင် ပိုဦးမယ် သမီးငယ် ဗိုက်ထဲကနေ မထွက်လာခင်ကတည်းက ဖြစ်မယ်။
ပြသနာက ဒီလို။ အမေက သူ့မြေးကို ပညာတတ်ကြီးဖြစ်စေချင်တာ။ ဒီလိုဆိုတော့ ကျွန်မကရော မဖြစ်စေချင်ပဲ နေမလား ဖြစ်စေချင်တာပေါ့။
ပညာကပဲ သူ့အတွက် အကောင်းဆုံး အမွေတစ်ခုဖြစ်မှာ၊ သူရပ်တည်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့ လက်နက်တစ်ခု ဖြစ်လာမှာလေ။ ဒါပေမဲ့ အမေနဲ့ ကျွန်မကြား ဘယ်လိုကွဲလဲဆိုတော့ အမေက သူ့မြေးကို စံပြလူသားဖြစ်စေချင်တာ။
စံပြဆိုတာ အရာရာမှာ ပြိုင်ဘက်ကင်းပြီး ပထမဆိုတာတွေချည်းပဲ ဖြစ်စေချင်နေတာ။ ကျွန်မက အဲဒါကြီးကို လက်မခံနိုင်ဘူး ဘာလို့လဲဆိုတော့ ကျွန်မ ငယ်ဘဝတစ်လျှောက်လုံး အမေ့ရဲ့ စံပြဖြစ်စေချင်တဲ့ စိတ်အောက်မှာ ထိန်းကွပ်၊ အုပ်ချုပ်ခံရတာမို့ ပျော်စရာနည်းခဲ့တာမို့လို့ပဲ။ အမေ့ကို အပြစ်ပြောချင်တာမဟုတ်ဘူးနော် ကျွန်မ သမီးလေးအထိ သယ်မသွားချင်တော့တာကို ပြောပါတယ်။
အမေက အဆင့်ဆို ၁ ရမှ၊ အမှတ်ဆို အပြည့်ရမှ၊ အဖြေလွှာမှာ အမှားကင်းမှ၊ ဆုတွေဆို တန်းစီနေမှ၊ ဘယ်သူနဲ့ယှဉ်ယှဉ် ထိပ်ဆုံးရောက်နေမှ အဲဒီလိုမှ ကြိုက်တယ်။ အဲဒီလိုဖြစ်အောင်လို့လည်း ကျွန်မကို စနစ်တကျ ကွပ်ကဲထားတယ်။
ဘာပြီးရင် ဘာသင်တန်း၊ ဘယ်ဆရာမနဲ့ ကျူရှင်၊ ဘယ်ဘာသာစကားအတွက် ဘယ်နှနာရီဆိုတာ အစဉ်လိုက်ရှိပြီးသားပဲ ဘာကိုမှ အထွန့်တက်လို့မရဘူး အမေ့အချိန်ဇယားအတိုင်း တစ်နေ့တာဟာ ကုန်သွားခဲ့တယ်။
ကျွန်မသူငယ်ချင်းတွေဆော့နေတာမြင်ရင် ဆော့ချင်တယ်၊ မိုးရေချိုးချင်တယ်၊ ကာတွန်းစာအုပ်ဖတ်ချင်တယ်၊ တီဗွီလည်း ကြည့်ချင်တယ် ဒါပေမဲ့ အမေပြောတာ တစ်ခွန်းတည်း “ နင်အဲဒီလိုတွေ အပျော်မက်နေရင် သူများနောက်ကောက်ကျကျန်ခဲ့မှာ မရှက်ဘူးလား” တဲ့။
ပြန်လည်းမပြောရဲတော့ ကြိတ်ပြီးတော့ပဲ ငိုရတယ် ကျွန်မပင်ပန်းနေပြီ၊ ဒါတွေအကုန်လုံးကို ကျွန်မခေါင်းထဲ ထိုးသွပ်ထည့်ဖို့ မဆံ့တော့ဘူး အမေလို့ ပြောချင်ပေမယ့် မပြောရဲဘူး၊ အဖေကတော့ တတ်နိုင်သမျှ ဝင်ပြောပေမယ့် အမေ့စကားကို ဘယ်သူမှ ကျော်လို့မရဘူးကိုး။
ကျွန်မ အဆင့်တစ်လည်း မလိုချင်ဘူး၊ စက်ရုပ်ကြီးလို စာတွေပဲလုပ်နေပြီး သူငယ်ချင်းတွေနဲ့ မပျော်ရတာကိုလည်း မကြိုက်ဘူး၊ ကျွန်မခေါင်းထဲမှာ အချိန်ပြည့် စာတွေချည်းပဲ ထည့်ထားဖို့လည်း မနိုင်တော့ဘူး ဒါပေမဲ့လည်း ကျွန်မ ဘာမှမတတ်နိုင်ခဲ့ဘူး။
ကျွန်မရဲ့ မျက်မှန်ပါဝါဟာ တစ်နှစ်ကိုတစ်ခါ ရာနဲ့ချီပြီး တက်လာတယ်၊ ပြင်ပလောကနဲ့ အဆက်အသွယ်မရတဲ့ ကျွန်မဟာ အတန်းထဲမှာ အမြဲအဆင့်တစ်ရပေမယ့်လည်း လူမှုဆက်ဆံရေးမှာ သုညပဲ။
အမေကတော့ ပြောတယ် ပေါင်းသင်းဆက်ဆံရေးက ဘာလုပ်လို့ရမှာလဲ အရေးကြီးတာ စံပြဖြစ်နေဖို့ပါပဲတဲ့။ ဒီခံစားချက်တွေကို ကျွန်မတောက်လျှောက်ခံစားခဲ့ပြီးပြီမို့ သမီးလေးကိုတော့ လက်ဆင့်မကမ်းလိုတော့။
သမီးလေး လွတ်လပ်ပါစေ၊ ငယ်ဘဝကို ကလေးသဘာဝပဲ စိတ်လွတ်ကိုယ်လွတ် ဖြတ်သန်းနိုင်ပါစေ။ သမီးဘဝတစ်လျှောက် စာတွေကတော့ တစ်သက်လုံး လုပ်ရဉီးမှာမို့ ပုံမှန်လေးပဲ လုပ်စေချင်တယ်၊ သူ့ဉီးနှောက်လေးနဲ့ ဆံ့နိုင်သမျှကိုပဲ အပြည့်အဝသင်ယူစေချင်တယ်၊ သမီးလေးကို စံပြလူသားမဟုတ်လည်း ပုံမှန် ကလေးငယ်လေး တစ်ယောက်ပဲ ဖြစ်စေချင်ပါတယ်။ အခုဆိုရင်တော့ အမေနဲ့ ကျွန်မကြား တိုက်ပွဲဟာ ဆက်လက်ပြင်းထန်လျက်ရှိပါတယ်ရှင်။

Older Post Newer Post


Leave a comment