နားထောင်ပေးပါ....

ယောကျာ်းရေ ….
ဒါ ရှင့်ကို သိစေချင်တဲ့ စကားတွေပါ။ နားထောင်ပေးပါ၊ နားလည်ပေးပါ။
အိမ်ထောင်တစ်ခုရယ်လို့ဖြစ်လာတဲ့အခါ အပြန်အလှန်မှီခိုအားထားကြရတာပဲ။ အပြန်အလှန် ကာကွယ်စောင့်ရှောက်ကြတယ်၊ လုံခြုံနွေးထွေးကြရတယ် ဒါက သဘာဝပဲ မဟုတ်လား။ ကျွန်မတို့ အိမ်ထောင်စကျကတည်းက တစ်ယောက်နဲ့တစ်ယောက် မရှိအတူ၊ ရှိအတူ ရင်ဆိုင်လာခဲ့တာ အခုဆို သမီးလေးတောင် ရလို့နေပြီ။ ကိစ္စတွေ တော်တော်များများဖြတ်သန်းပြီးတဲ့နောက် အခုဆို အခြေကျသလောက်လေး ဖြစ်နေကာမှ စိတ်မချမ်းမြေ့စရာလေးတွေ ဖြစ်လာလို့ ရှင့်ကို အသိပေးချင်တာပါ။ ရှင်လက်ခံပေးနိုင်မယ် ထင်ပါတယ်။
ပြသနာကတော့ ကျွန်မယောက္ခမ ရှင့်အမေပေါ့။ ကျွန်မလည်း သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ပါတယ်၊ ယောက္ခမရယ်မဟုတ်ဘဲ အမေလို စောင့်ရှောက်ချင်ပါတယ်။ ခက်တာက ရှင့်အမေရဲ့ ကျွန်မအပေါ်ထားတဲ့ အမြင်က အဆင်မပြေဘူးဖြစ်နေတယ်။ ကျွန်မလည်း အလုပ်လုပ်နေရတယ်၊ ရှင်နဲ့အတူတူ စီးပွားရှာရတယ် ဒါကို အားလုံးအသိပဲ။ အလုပ်များလွန်းလို့ ပင်ပန်းတဲ့အခါ ဟင်းမချက်နိုင်လို့ အပြင်စာစားရင် ပိုက်ဆံဖြုန်းတယ်၊ ခြေကုန်လက်ပန်းကျလို့ အိမ်သန့်ရှင်းရေးလုပ်ဖို့ နောက်တစ်ရက်ကို ရွှေ့လိုက်တဲ့အခါ အပျင်းကြီးတယ်၊ အဆိုးဆုံးကတော့ သမီးကို ဆိုဆုံးမတဲ့အခါ ငါ့မြေးကိုမပြောနဲ့လို့ ရှေ့က ကာပိတ်လိုက်တာပဲ။ အဲဒီလိုနဲ့ သမီးက ဆုံးမဖို့ခက်လာတယ်။
ယောက်ျားရေ … ဒီအခြေအနေတွေကို ကျွန်မလည်း နားလည်ပါတယ်၊ ဒီဆက်ဆံရေးမှာ ဒီလောက်တော့ ဖြစ်နိုင်တာပဲလို့ သိထားပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ရှင့်အမေနဲ့ ကျွန်မကြားမှာ တင်းမာလာတဲ့အခါတိုင်း ကျွန်မမျှော်လင့်တာက ရှင့်ဘက်က ကျွန်မကို ကာကွယ်ပေးတာလေး တစ်ခုကိုပါပဲ။ အဲဒီလိုဆိုလို့ ရှင့်အမေကို ခံပြောရမယ်၊ မ ဘက်လိုက်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြေရာပြေကြောင်း ရှင်းပြပေးဖို့၊ ကျွန်မဘက်ကအကြောင်းပြချက်တချို့ပြပေးပြီး ကူပြောပြပေးဖို့ အဲဒီလိုလေး လိုချင်တာပါ။ ကျွန်မ ရဖို့ သိပ်ခက်လား။ ငါ့အမေပဲလေကွာ သည်းခံလိုက်ပါလို့ဆိုလာတိုင်း ဝမ်းနည်းရတယ်၊ ပင်ပန်းရတယ် အဲဒီအချိန် ပင်ပန်းတာက အပြင်မှာအလုပ်လုပ်နေရတဲ့ ခက်ခဲမှုတွေထက် ပိုပါတယ်။
ယောကျာ်းရေ … ကျွန်မအနေနဲ့ ရှင့်အမေကို သည်းမခံလိုတာမဟုတ်ပါဘူး၊ အကျိုးအကြောင်းလေး နားလည်စေချင်တာပါ။ ဒီလိုဖြစ်လာတိုင်း မင်းမိန်းမအရွေးမှားတာပဲ၊ မင်း သူနဲ့ မတွေ့သင့်ဘူးလို့ ပြောတတ်ပေမယ့် ရှင်က ငြိမ်ပြီးတိတ်ဆိတ်နေတဲ့အခါ ကျွန်မ ပိုဝမ်းနည်းရပါတယ်။ ကျွန်မက အားကိုးတကြီး ရှင့်ကို အကူအညီတောင်းတဲ့အခါ ရှင်က မသိသလိုနေပစ်လိုက်တာ ပိုပြီးခံရခက်ပါတယ်။
ယောကျာ်းရေ … နည်းနည်းလေး ပြန်တွေးစေချင်တယ်။ အိမ်ထောင်ကျကာစက ကျွန်မတို့အမေအိမ်မှာ နေရတာကို မှတ်မိသေးတယ်မဟုတ်လား။ အဲဒီတုန်းက ရှင်အလုပ်မရှိသေးတော့ ကျွန်မပဲ အလုပ်ပိုလုပ်ခဲ့တယ်။ ကျွန်မအမေက ရှင့်ကို စကားနာထိုးချင်ရင်တောင် ကျွန်မဘက်က ကာကွယ်ထားခဲ့တယ် သူကျောင်းမပြီးသေးလို့ပါလို့လေ။ နောက်ပိုင်းအလုပ်ရပြီး ရှင်ပင်ပန်းလွန်းလို့ ထွက်ချင်တယ်ဆိုတော့လည်း ကျွန်မ တစ်ခွန်းမှ မတားခဲ့ဘူး။ ရှင်စိတ်မသက်သာတာကို မလိုချင်လို့ လုပ်ချင်တာလုပ်ခဲ့ပါလို့ အားပေးခဲ့တယ်။ အဲဒီအတွက် အမေက ရှင့်ကို ပြောမယ်ဆိုရင်တောင် ရှင့်ရှေ့ကာနေ ကာပေးခဲ့တယ် ဘာဖြစ်လို့လဲဆိုတော့ ရှင့်ကို မသိမ်ငယ်စေချင်လို့ပဲ။ ရှင့်လုပ်ငန်းတွေ အရှုံးပေါ်တုန်းကလည်း ရှိသမျှ စုဆောင်းထားတာလေးတွေအကုန်ကုန်သွားပေမယ့် ကျွန်မမငြိုငြင်ခဲ့ဘူး နှစ်ယောက်အတူ တည်ဆောက်ထားတာမို့ ပျက်စီးသွားတော့လည်း အတူပြန်စတင်ရမယ်လို့ပဲ အမေ့ကို အသိပေးခဲ့တယ်။ ဘယ်လိုကိစ္စမျိုးပဲဖြစ်နေပါစေ ကျွန်မတို့နှစ်ယောက် ရန်ဖြစ်ကြရင်တောင် အမေ့ကို မတိုင်ခဲ့ဘူး။ ကျွန်မအိမ်မှာ နေရတယ်ဆိုပြီး ကိုယ့်ဘာသာ အားငယ်ဝမ်းနည်းနေရမှာစိုးလို့ ဘာပဲဖြစ်ဖြစ် အားတင်းနိုင်ဖို့ နှစ်သိမ့်ပေးခဲ့တယ်။
ယောကျာ်းရေ … ဒါတွေဟာ ကျွန်မကိုယ်ကျွန်မ ဂုဏ်ဖော်နေတာ မဟုတ်ပါဘူး။ ကျွန်မကတော့ ဘယ်လောက်ကောင်းခဲ့ပါတယ်လို့ အနိုင်လိုချင်တာ မဟုတ်ပါဘူး။ လင်ရယ်မယားရယ်လို့ဖြစ်လာခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကို ပြောချင်တာပါ။ ခက်ခဲခဲ့တုန်းကအချိန်တွေမှာတောင် တောင့်ခံဖြတ်သန်းနိုင်ခဲ့ပြီးမှ အခုလို အဆင်ပြေကာစအချိန်မျိုးကျမှ ယိုင်နဲ့ပျက်စီးသွားရမှာ မလိုချင်တာမို့ နည်းနည်းလေး ပိုဂရုစိုက်စေချင်တာပါ၊ ကျွန်မကို ပိုပြီး ကာကွယ်ပေးစေချင်တာ။ ကျွန်မစိတ်ကို နားလည်လက်ခံပေးမယ်ဆိုရင် အမေနဲ့ကျွန်မကြား တင်းမာတဲ့အခြေအနေတွေကြား မဖြစ်မနေရင်ဆိုင်ရတဲ့အခါ ရှင့်ဘက်က နည်းနည်းဖြစ်ဖြစ် ပိုရှင်းပြပေးပါ၊ ကျွန်မအခြေအနေကို ပိုပြောပြပေးပါ။ ကျွန်မကိုယ်တိုင် ချွေးမဆိုးတစ်ယောက် မဖြစ်ချင်တာ ရှင်ကိုယ်တိုင်လည်း သိရဲ့မဟုတ်လား။
ယောကျ်ားရေ.........

Older Post Newer Post


Leave a comment