
ထစ်ခနဲဆို လက်ပါတတ်တဲ့ မိဘတွေနဲ့ အပြစ်ပေးကြမ်းတဲ့မိဘတွေရဲ့ ကလေးတွေဟာ .....
ပြသနာတစ်ခုခုဖြစ်လာပြီဆိုရင် ငါ့ကိုဆူတော့မလား၊ ငါ့ကိုရိုက်တော့မလားနဲ့ အပြစ်ပေးမှာကို ကြောက်ပြီး ဖုံးကွယ်ထားတတ်ကြပါတယ်။ အဲဒီလိုကလေးတွေဟာ သူတို့ရနေကျ အပြစ်ပေးနည်းတွေကို ကြောက်လန့်နေတဲ့အတွက် အမှန်ကိုပြောဖို့ ငြင်းဆန်တတ်ကြပါတယ်၊ တစ်ဖက်ကို လွှဲချတတ်လာတယ်၊ အဖြစ်မှန်ကနေ ရှောင်ပြေးတတ်တာတယ်၊ ရင်ဆိုင်တတ်တဲ့အကျင့်မရှိတော့တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီတော့မိဘတွေအနေနဲ့ ငါကတော့ မိဘပဲဆိုပြီး ရှိန်နေ၊ ကြောက်နေရအောင် ပြင်းထန်တဲ့ဆက်ဆံရေးမျိုးကို လျှော့ချစေချင်ပါတယ်။ ကိုယ့်ကလေးက အမှန်ပြောတတ်အောင်၊ တကယ်လို့ သူအပြစ်လုပ်ထားရင်တောင် အမှန်အတိုင်းဝန်ခံရဲအောင် ကိုယ့်ဘက်က လမ်းကြောင်းပေးသင့်ပါတယ်။ တကယ်လို့ သူဟာ အမှားတစ်ခုကျူးလွန်ထားတယ်ဆိုရင်တောင် ကိုယ့်ရင်သွေးပဲမဟုတ်လား။ ပြုပြင်သင့်တာကို ပြုပြင်မယ်၊ နောက်မလုပ်ဖို့အတွက် ဥပမာပြပြီး ဆုံးမမယ်။ ဒီလိုဆိုရင်ရော မရလို့လား သိပ်ရတာပေါ့ ကလေးတွေအနေနဲ့ မိဘကို အဟန့်အတားတစ်ခုအနေနဲ့ ရှိသင့်တယ်ဆိုတာမှန်ပေမယ့် ငါပြောတဲ့အတိုင်းလုပ် ငါက မိဘပဲ ငါကအမှန်ဆိုပြီး ကလေးကို ထိတ်လန့်နေစေတာကတော့ နည်းလမ်းမှန်မဟုတ်ဘူးလို့ ထင်မိပါရဲ့။
ကလေးနဲ့ကိုယ့်ကြား နွေးထွေးမှုကို တည်ဆောက်ပါ။ တစ်ခုခုဆို အသေးအမွှားလေးကအစ တိုင်ပင်တတ်တဲ့အကျင့်လေးရှိနေဖို့အတွက် ကိုယ့်ဘက်က သူ့အပေါ် တတ်နိုင်သမျှ ပွင့်လင်းပေးဖို့လိုပါတယ်။ ဘာရယ်မဟုတ် အကျီအဝတ်အစားဝတ်တာကအစ မေမေကတော့ ဒီဟာလေးကို သဘောကျတယ် အပွင့်လေးတွေ ပါတော့သမီးလေးနဲ့လိုက်တယ်လို့ထင်တယ် ဒါပေမယ့် သမီးကရော ဘယ်လိုမြင်လဲ သမီးကြိုက်တာကိုရော ပြောပြလေ စသည်ဖြင့်ပေါ့။ ကိုယ်ကကောင်းတာလေးကိုလည်း ပြောပြမယ် သူတို့အမြင်လေးကိုလည်းမေးမယ်၊ သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်အောင်လည်း လမ်းဖွင့်ပေးထားမယ်ဆိုရင် ဒီဆက်ဆံရေးဟာ ပျော်စရာရွှင်စရာဖြစ်နေမှာပါ။ သူတို့လေးတွေ တစ်နေ့တာကြုံရတာလေးတွေကအစ ပြောပြတတ်လာမယ်၊ အရွယ်ရောက်လာရင်လည်း တိုင်ပင်ရင်ဖွင့်တတ်လာမယ်။ အဲဒီလိုနဲ့ဘဝနဲ့ချီတဲ့ အထိအခိုက်တွေကအစ သူတို့အနေနဲ့ ပြောပြဖို့ဝန်လေးတော့မှာမဟုတ်ပါဘူး။
မပြောကောင်းမဆိုကောင်း သူတို့ဟာ ကြီးမားတဲ့အပြစ်တွေကို ကျူးလွန်ထားတယ် ဒါမှမဟုတ် ကျူးလွန်ခံရတယ်ဆိုရင် မိဘကိုမပြောရဲတာနဲ့ မဖြစ်သင့်တာတွေဖြစ်သွားတာ၊ အချိန်မမှီတာတွေ စသည်ဖြင့် အများကြီးအများကြီး ဖြစ်သွားနိုင်ပါတယ်။ သားတို့သမီးတို့ကတော့ မေမေ၊ ဖေဖေတို့ရဲ့ ချစ်ရတဲ့ ကလေးလေးတွေဖြစ်ပါတယ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖေဖေ၊မေမေတို့က အမြဲလက်ခံကြိုဆိုနေမှာပါပဲလို့ သူတို့သိအောင် ပြုမူဆက်ဆံခြင်းအားဖြင့် မိဘနဲ့သားသမီးအကြား အေးစက်ခြောက်ကပ်မနေဘဲ နွေးထွေးလုံခြုံတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်မှာ အမှန်ပါပဲရှင်။ ကလေးလေးတွေအယုံကြည်ရဆုံးဟာ သူတို့မိဘတွေပဲ ဖြစ်ကြပါစေ … ယုံကြည်မှုကို အထိုက်တန်ဆုံး တည်ဆောက်ရယူနိုင်ကြပါစေလို့ … ။ ။