
မယားမကြောက် သမီးကိုသာ ကြောက်
ကျွန်မအမျိုးသားက လူပျိုတုန်းက အပေါင်းအသင်းသိပ်မက်တယ်။ အိမ်ထောင်ကျပြီးကာစအထိလည်း မက်တုန်းပါပဲ။ တတ်နိုင်သလောက် နားလည်ပေးဖို့ကြိုးစားပေမယ့် အကြိမ်ရေများလာတဲ့အခါမှာတော့ သည်းခံဖို့ခက်လာတယ်။ သူကလည်း ကျွန်မနဲ့အမြဲတမ်းစကားများရတာကို စိတ်ကုန်လာတာမို့ပဲ ကျွန်မတို့အချင်းချင်းညှိနှိုင်းကြတယ်၊ ဆွေးနွေးဖြစ်ကြတယ်။
ဘယ်လိုအခြေအနေမျိုးမှာတော့သွား၊ ဘယ်နှရက်လောက်တော့ လျှော့သွား၊ ဘယ်အချိန်လောက် နောက်ဆုံးထားပြီးပြန်လာ စသည်ဖြင့်ပေါ့။ ပြေးကြည့်မှ ဒီလင်မယားနှစ်ယောက်တည်းရှိတာ သူနောက်ကျတဲ့နေ့များဆို ကျွန်မမှာ သူ့ကိုလည်းပူရ၊ တစ်ယောက်တည်းဖြစ်နေတော့ အိမ်ကိုလည်း ပူရနဲ့ သောကတွေ သိပ်များလို့ရယ်။
နောက်ကျတော့ သူကလည်းနားလည်သွားပြီး နည်းနည်းချင်းစီလျှော့ပါတယ်။
အချိန်ဆိုရင် အတိအကျလေး ပြန်လာတတ်တယ်။ အပေါင်းအသင်းတွေကိုအိမ်ခေါ်လာတယ်ဆိုရင်လည်း ကျွန်မက ဝမ်းမြောက်ဝမ်းသာပဲ လက်ခံတယ်။ သူနဲ့ကျွန်မကြားပါ တကယ့်ကို ပြန်အဆင်ပြေလာတယ်။ သူ့သူငယ်ချင်းတွေက သူ့ကိုခေါ်တယ် မယားကြောက်တဲ့။ အပြင်သွားလို့ ပြန်ခါနီးပြီဆိုရင် မရမက ဆွဲထားကြတယ်။ မိန်းမဆိုတာ ကြောက်စရာမှမလိုတာ မင်းကသိပ်ကြောက်နေလို့ ဟိုက ပါဝါပြတာပါဆိုပြီး အမြဲတမ်းပြောဆိုနေခဲ့တယ်။ ကျွန်မကိုလည်း သိပ်ချုပ်ချယ်တာပဲ ယောကျာ်းကိုနိုင်လိုက်တာလို့ အမြင်ကပ်ကြပြန်တယ်။
တကယ်တော့ ကျွန်မတို့အချင်းချင်းပြေလည်ကြတာပဲလေ ဘာလို့များ အဲဒီလိုတွေ ပြောနေလဲ ကျွန်မတကယ်ကိုနားမလည်။ ကျွန်မနားလည်ပေးနိုင်တဲ့အတိုင်းအတာကို ကျွန်မခင်ပွန်းက သိတယ်၊ လက်ခံတယ် သူ့ဘက်ကလည်း ပြန်တုန့်ပြန်တယ်။ ဒါက သူတို့သူငယ်ချင်းတွေကြားသွေးကွဲစေပါတယ်လို့ စွပ်စွဲစရာမှမဟုတ်ဘဲ၊ ကျွန်မက ရှင့်အပေါင်းအသင်းတွေကို ဖြတ်ပါလို့လည်းမပြောသလို အဲဒီလိုစိတ်ဓါတ်မျိုးလည်း မရှိခဲ့။ နှစ်ယောက်တည်းနေရတဲ့ဘဝမို့ အိမ်အပြန်နောက်ကျတာမျိုးနဲ့ နှစ်ယောက်ရတဲ့ဝင်ငွေအပေါ် ချင့်ချိန်နိုင်ဖို့ပြောတဲ့စကားတွေပဲ။ အမြဲတမ်းမသွားဖို့တားတာလည်း မဟုတ်မှန်း သူတို့သိကြသားနဲ့။
ကျွန်မတို့ သမီးလေးရလာပြီးတဲ့နောက်မှာတော့ သူတို့တွေလည်း အိမ်ထောင်ကိုယ်စီကျကုန်ကြတယ်။ အမျိုးသားကတော့ သူ့သမီးကို သည်းလွန်းတာမို့ အိမ်ပြန်ချိန်တွေဆို မှန်လာတယ်၊ အပြင်ဆိုလည်း သွားခဲလာခဲဖြစ်လာတယ်။ သွားဖို့လိုအပ်လာတဲ့အခါမျိုးမှာ ကျွန်မဘက်က တိုက်တွန်းနေရတာမျိုးတွေတောင်ဖြစ်လာတယ်။ သမီးမျက်နှာကြီးလိုက်တာလို့တောင် စနောက်မိရတဲ့အထိပါပဲ။
ရံဖန်ရံခါ ပွဲတက်ရတဲ့အချိန်မှာ ဘယ်သူတွေကိုမတွေ့ဘူးနော်၊ ဘယ်သူကတော့ တစ်ခါတလေမှတွေ့တယ်နဲ့ စကားစမိတော့ အစ်မကိုပြောမိတဲ့အတိုင်း သူတို့လည်းဖြစ်နေပါပြီတဲ့။ ရယ်ရယ်မောမောနဲ့ပဲ တုန့်ပြန်လိုက်ပါတယ်။ လူဆိုတာက ကိုယ်တိုင်ကြုံရတော့မှပဲ နားလည်တတ်တာမျိုးမဟုတ်လား။
အခုနေများ တစ်ယောက်ယောက်က သူ့ကို မယားကြောက်လို့ခေါ်လာရင်တော့ သူက မယားမကြောက်ဘူးဟေ့ သမီးကိုကြောက်နေရတာ ရှင်းပြီလားလို့ပြောပါလိမ့်မယ်။ သမီးလေးက ဖေဖေမြန်မြန်ပြန်လာလို့မှာလိုက်တဲ့တစ်ခွန်းက သူ့ကို အိမ်တန်းပြန်စေတော့တာပဲ တကယ့်ကို အာဏာကြီးလှပါပေတယ်။