
ကလေးထိန်းပေးတဲ့ယောကျာ်း ကအထူးအဆန်းတဲ့လား?
အမေနေမကောင်းဘူးဆိုလို့ လိုအပ်တဲ့ဆေးတွေ ဝယ်နေတုန်း အသိတစ်ယောက်နဲ့တွေ့တယ်။
“ကလေးမပါဘူးပေါ့လေ”
“ဟုတ်တယ် အမေနေမကောင်းဘူးဆိုတာနဲ့ထွက်လာလိုက်တာ”
“ဟယ် အဲဒီတော့ ဘယ်သူနဲ့ထားခဲ့တုန်း အစ်မ”
“သူ့အဖေရှိတယ်လေ ညီမရဲ့ သူထိန်းမှာပေါ့”
“အစ်မအမျိုးသားက ကလေးထိန်းပေးတယ်လား ဝိုး မိုက်လိုက်တာ”
“ ဟင် ဟုတ်တယ်လေ ညီမရဲ့ သူ့သားသမီးပဲ သူထိန်းရမှာပေါ့”
“ အစ်မအမျိုးသားက တော်လိုက်တာနော် အလုပ်လည်းလုပ်တယ် ကလေးလည်းထိန်းပေးတယ် ဒီလိုလူမျိုးရှားနေပြီ အစ်မရဲ့”
သူ့မျက်လုံးတွေမှာ အားကျမှုတွေ တဖျပ်ဖျပ်လက်လို့ ကျွန်မကအရမ်းကံကောင်းတာပဲလို့လည်း တဖွဖွပြောနေသေးတယ်။ မဟုတ်သေးပါဘူး ဒါ ဘာထူးဆန်းလို့လဲ သူ့ကလေးသူထိန်းတာနဲ့ တော်တယ်ဖြစ်သွားရောလား။ အလုပ်ကတော့ ကျွန်မလည်း လုပ်တာပဲလေ။ ကိုယ်က ရုံးမတက်ရတာလေးပဲရှိတာ အိမ်အလုပ်ရော၊ အိမ်ကနေလုပ်လို့ရတဲ့ အပြင်အလုပ်တွေရော လုပ်နေတာပဲကို ဘာလို့ အမျိုးသားကျမှ တော်လိုက်တာတဲ့လဲ နားမလည်နိုင်။
သွားနေကျဆိုင်မှာ ခေါင်းလျှော်နေရင်း တစ်လက်စတည်း မျက်နှာပါပေါင်းတင်နေလိုက်တယ်။ မထူးပါဘူး ခြေသည်းပါဆိုးမယ်ဆိုတော့ ဆိုင်က အစ်မကမေးတယ်။
“ဒီနေ့အချိန်ရတယ်ထင်တယ် ကလေးကဘယ်မှာကျန်ခဲ့လို့လဲ ညီမရဲ့”
“ သူ့အဖေရှိတယ်လေ အစ်မ ခေါင်းသွားလျှော်ဖို့ သူပဲလွှတ်လိုက်တာ”
“ နို့ကျတော့ရော ညီမ”
“ ကလေးက နို့ဘူးသောက်တာအစ်မရဲ့ နို့ဘူးလည်း သူ့ဘာသာသူဖျော်ပြီးတိုက်မှာပေါ့ နို့က ကြာရင်မကောင်းဘူးလေ”
“နို့လည်းဖျော်ပေးတယ်၊ ကလေးလည်း ထိန်းပေးတယ်၊ မိန်းမကိုလည်း အပြင်လွှတ်သေးတယ် ကြည့်ပါဦး တော်လိုက်တာ အပြင်တွေဘာတွေသွားရင်ရော အဲဒီလိုပဲလား ”
“ ဟုတ်တယ်လေအစ်မ ကလေးကို ကစားကွင်းလိုက်ပို့တယ်၊ ကလေးကစားနေတုန်း ကျွန်မတို့နှစ်ယောက်က ကော်ဖီသောက်၊ မုန့်စားရင်း date လုပ်သလိုပဲပေါ့ ဒါကအရင်ကတည်းကပဲလေ”
“ ညီမကိုတော့ အားကျနေပါပြီနော်။ အိမ်ထောင်ဦးစီးပေမယ့် ကလေးလည်းကြည့်တယ်၊ မိသားစုကိုလည်း အချိန်ပေးတယ် ညီမက တကယ်ကံကောင်းတာပဲ တချို့ယောကျာ်းတွေက လူရှေ့မှာ ကလေးထိန်းရမှာ ရှက်ကြတယ်လေ”
သူ့ကိုကြည့်ရတာ တကယ်ကို အံ့သြနေတဲ့ပုံပါပဲ။
ဒါဘာအံ့သြစရာပါလို့လဲနော်။ ကျွန်မအနေနဲ့ ဒါကို ကြွားဝါနေတာလည်းမဟုတ်၊ တမင်အပိုလုပ်နေတာလဲ မဟုတ်။ အမျိုးသာားတစ်ယောက်က အလုပ်လုပ်တယ်၊ ငွေရှာတယ်၊ မိသားစုကိုကြည့်တယ် ဒါက ပုံမှန်ပဲမဟုတ်လား။ ကျွန်မကိုယ်တိုင်လည်း အလုပ်လုပ်တယ်၊ မိသားစုကိုကြည့်တယ် အတူတူပဲလေ။ ကလေးလေးက ကျွန်မတစ်ယောက်တည်း မွေးထားတာ မဟုတ်ဘူး သူ့ရဲ့ရင်သွေးလည်းဖြစ်တယ် ဒီတော့ အဲဒီကလေးရဲ့ ဝေယျာဝစ္စကို သူလည်း ကူယူပေးတယ်၊ ဝိုင်းထိန်းပေးတယ် ဒါဟာ သူ့တာဝန်သူလုပ်နေတာပဲလေ။
ကလေးထိန်းရလို့ဆိုပြီး ရှက်စရာလိုလို့လား၊ ဝိုင်းမကြည့်ပေးဘဲ ဒါဟာ မိန်းမအလုပ်ပါလို့ပြောတဲ့သူတွေကပဲ ရှက်ရမှာပဲကို။ ကိုယ့်ကလေး ကိုယ်ထိန်းတာ မထူးလည်းမထူးဆန်းသလို ရှက်နေစရာလည်း လိုမှမလို။ ငါက ယောကျာ်းပဲ ဒီအလုပ်တွေလုပ်စရာမလိုဘူး မိန်းမကပဲ အကုန်တာဝန်ယူပါဆိုတဲ့ လူမျိုးကပဲ ကိုယ့်မပြည့်ဝမှုအတွက် ရှက်နေရမှာ။
ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာတော့ ဒါကို အထူးအဆန်းလိုပါပဲ။ အလုပ်လုပ်နေရတာချင်းအတူတူ အိမ်အလုပ်၊ ကလေးအလုပ်က မိခင်ရဲ့တာဝန်ပဲလို့ယူဆကြတယ်။ ယောကျာ်းတစ်ယောက်ကတော့ ငွေရှာပေးရင်ကို တော်နေပြီ ဟော ဒီကြားထဲမှ ကလေးကိုဝိုင်းကြည့်ပေးရင် နေရင်းထိုင်ရင်းကို တကယ်ရှားပါးအဖိုးတန်သူလေးဖြစ်နေပြီ။ အဲဒီလူရဲ့မိန်းမကိုလည်း ငွေရှာပေးတဲ့အပြင် မိသားစုကိုလည်းကြည့်တဲ့သူမျိုးရထားတာ ရောင့်မတက်နဲ့ဆိုတဲ့ ပုံစံမျိုးဆက်ဆံကြတယ်။
ပတ်ဝန်းကျင်ကိုက အမျိုးသားတွေအတွက်ကို အလိုလိုနေရင်း တဆင့်မြှင့်တင်ပြီးသား၊ အမျိုးသမီးတွေအတွက် တဆင့်နှိမ့်ချပြီးသားဖြစ်နေခဲ့တာ။ တကယ်တော့ ချစ်လို့ခင်လို့ အိမ်ထောင်ပြုကြတယ်၊ သားသမီးရှိလာတယ်၊ အိမ်ထောင့်တာဝန်ကို လိုသလိုခွဲယူတယ်၊ ရင်သွေးကို အတူတူကြည့်ရှုပျိုးထောင်ကြတယ်။ ဒါကမှ ပုံမှန်ပါပဲ ကိုယ့်တာဝန်ကိုယ်ယူရင်း ချစ်ခြင်းကိုရော မေတ္တာကိုပါ ခွဲခြမ်းမျှဝေကြတာ အံ့သြစရာမှမဟုတ်တာ။ ကျွန်မကို အံ့သြနေရင်လည်း ကျွန်မက ပြန်အံ့သြရုံပါပဲ။