ကျွန်မသမီးလေးက ကြီးလာရင် ကျွန်မကိုလုပ်ကျွေးမှာလေ အိမ်ထောင်မပြုဘူးတဲ့။
မိဘတော်တော်များများ ဂုဏ်ယူစွာနဲ့ပြောဖူးတဲ့စကားပေါ့။ ချစ်စနိုးနဲ့ ကြွားဝါတာမျိုးပါ။ တကယ်တမ်းကျ အရွယ်ရောက်လာတဲ့ကလေးတွေကို ကိုယ်ကဘယ်လိုနည်းမျိုးနဲ့ ထိန်းချုပ်ကန့်သတ်ပစ်လိုက်လို့ ရမှာတဲ့လဲ။
သူတို့ပညာရေး၊ လူမှုရေးနဲ့ စီးပွားရေးတွေအလုပ်အကိုင်တွေကအစ ကိုယ်ထိန်းကြောင်းမှုအောက် မရှိတော့တာလည်းဖြစ်နိုင်တာပဲ၊ သူတို့ကိုမှီခိုအားထားလာရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သားသမီးဆိုတာ တစ်ချိန်မှာ ပျံထွက်သွားမယ့် ငှက်ပဲလေ။ ဘယ်လောက်ကြာကြာ လှောင်အိမ်ထဲမှာ ထည့်ထားနိုင်မှာတဲ့လဲ။
မျှော်လင့်ချက်တွေထားလို့ရပါတယ်၊ သူတို့အကောင်းဆုံးတွေချည်းပဲ ဖြစ်လာဖို့အတွက် တွေးထားပေးလို့လည်းရတာပဲ။
ဒါပေမယ့် ပြန်ရဖို့အတွက်တော့ မမျှော်မှန်းထားပါနဲ့။ ပေးနိုင်သမျှပေးပြီးသွားရင် ဘာတွေပြန်ရမလဲလို့ မတွေးတောထားတာဟာ စုန်ရေပါ။ အထက်ကနေ အောက်သို့ မြဲမြဲမြံမြံစီးဆင်းတတ်တာ မိဘရဲ့မေတ္တာပဲ မဟုတ်လား။
သူကြီးလာရင် ကိုယ့်ကိုပြန်ကြည့်မှာပါ၊ သူလစာတွေများလာရင်တော့ ကိုယ့်အတွက် နည်းနည်း သက်သာသွားမှာ အဲဒီလိုမျိုးတွေ တွေးမိချင်လည်းတွေးမိနိုင်တာပဲ။ ခက်ခဲကြပ်တည်းတဲ့ကာလမျိုးမှာတော့ မြက်ပင်လေးတစ်ပင်ကလည်း အသက်ရှုစရာ ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း တစ်ထစ်ချကြီး မျှော်လင့်ထားပြီးမှ ဖြစ်မလာနဲ့အခါ ပင်ပန်းအခက်တွေ့ရမှာ ကိုယ်ပါ။
တတ်နိုင်သလောက်ပေးခဲ့ပြီးပြီ၊ ဖြစ်နိုင်သမျှ ဖြည့်ဆည်းပြီးသွားပြီ သူ့ဘဝလေး အကောင်းဆုံးတောက်ပနေဖို့ကပဲ ကိုယ့်ရဲ့ ရည်မှန်းချက်လို့ သဘောထားပါ။ ပြန်ရဖို့အတွက် မမျှော်လင့်ထားသမျှ စိတ်အေးချမ်းနေဦးမှာပါ။ ငါမွေးထားတဲ့ကလေး ငါပြောသမျှဖြစ်ရမယ့်ဆိုတဲ့ အတ္တလေးကို လျှော့သုံးလိုက်ရင် သူရောကိုယ်ပါ အေးချမ်းရမှာ။
ကိုယ့်ကိုယ်ကိုချစ်တတ်ပြီး တခြားသူတွေကို ကိုယ်ချင်းစာတတ်တဲ့ ကလေးလေးဖြစ်အောင်ပဲ ပျိုးထောင်လိုက်ပါ။
ကျေးဇူးတရားကို သိတတ်တဲ့၊ ကြင်နာပြီး လူပီသတဲ့ စိတ်ထားမျိုးနဲ့ ကလေးလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေပါ။ လူသားဆန်မှုနဲ့ ချစ်ခြင်းမေတ္တာကို သူ့နှလုံးသားထဲစီးဆင်းနေအောင် လက်ဆင့်ကမ်းပေးပါ။ အဲဒီကလေးလေးက လိုအပ်နေသူတွေအတွက် ရပ်တည်ပေးတတ်တဲ့ တစ်နေရာအဖြစ် ကွက်လပ်တွေကို ဖြည့်ပေးနေသူ ဖြစ်လာတဲ့အခါ အဲဒါထက်ပိုတဲ့ ပီတိမျိုး မရှိတော့ဘူးလို့ ထင်ပါတယ်။
ငွေကြေးဂုဏ်ပကာသနတွေထက် သူဟာ အကျိုးပြုလူသားတစ်ယောက်ဖြစ်နေတယ်ဆိုတာက ကိုယ့်အတွက် အဖိုးတန်ဆုံး လက်ဆောင်လေး ဖြစ်နေမှာပါပဲ။ သူတို့ကိုယ်ပိုင် ချင့်ချိန်မှုနဲ့ သိတတ်နားလည်ပြီး မိဘကို ပြန်ကြည့်နိုင်တဲ့ ကလေးလေးတွေ ဖြစ်လာမယ်ဆိုရင်တော့လည်း အတိုင်းအထက်အလွန်ပဲမဟုတ်လား။ ငွေစက္ကူတစ်ထပ်ကြီးထက် သူတို့လေးတွေ အန္တ ရာယ်ကင်းပြီး ကျန်းကျန်းမာမာကြီးပြင်းလာဖို့က မိဘတွေရဲ့ ပြီးပြည့်စုံတဲ့ မျှော်လင့်ချက်မျိူး ဆိုတာ။