သမီးကတစ်ဦးတည်းသောသမီး။ မောင်နှမ မရှိ၊ အပေါင်းအဖော်မရှိတော့ တစ်ယောက်တည်းကြံဖန်ဆော့၊ တစ်ယောက်တည်း ပျော်အောင်ကြံဖန်နေရရှာသူလေး။ သမီးက ရွယ်တူဆော့ဖော်လည်းမရှိတော့ အဖော်လည်းသိပ်မင်တယ်။ အိမ်ကိုတစ်ယောက်ယောက်လာလည်ရင် မပြန်အောင် ဆွဲထားတတ်တယ်။ ပြန်မယ်ဆိုရင်လည်း သူဝမ်းနည်းတော့တာပါပဲ။ သူ့ဆီက ဘာပေးရပေးရ အတူဆော့တဲ့သူမပြန်ဖို့က သူ့အတွက် အရေးကြီးဆုံးဖြစ်နေတတ်တယ်။ အဖော်မက်တဲ့ သမီးလေးဟာ သနားစဖွယ်။
အိမ်ကို ဘယ်သူလာလည်လည် သူပျော်တယ်။ စကားတွေ တတွတ်တွတ်ပြောနေတတ်ပြီး သူ့အရုပ်လေးတွေ ထုတ်ကြွားတယ်၊ မုန့်လေးတွေ ချကျွေးတယ်။ အဲဒီလူက သူနဲ့ဆော့ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ သူ့ကိုဂရုတစိုက်နဲ့ စိတ်ဝင်တစား စကားပြောပေးမယ်ဆိုရင် အဲဒီလူနားကကို မခွာတော့။ ရွယ်တူလေးတွေဆိုရင် သိပ်ပျော်ပဲ။ ကျွန်မမိတ်ဆွေတွေရဲ့ ကလေးလေးတွေ ပါလာရင် သူ့မှာ ပျော်မဆုံး ရွှင်မဆုံး တပြုံးပြုံး။ သမီးဟာ အိမ်မှာဘယ်လိုပဲ ဗိုလ်ကျကျ အဲဒီလိုအချိန်ဆို သည်းခံတယ်။ သူဘယ်လိုပဲ အောက်ကျကျ အဲဒီကလေးတွေနဲ့ ဆော့ရဖို့ သူကြိုးပမ်းရှာတယ်။
မမောနိုင်မပန်းနိုင်ဆော့နေတုန်း သူတို့ကိုကြည့်ပြီး ကြည်နူးရပေမယ့် သူတို့လေးတွေကိုယ့်အိမ်ကိုယ်ပြန်လို့ သမီးမျက်နှာလေးညိုးကျန်ခဲ့ရပြီဆို စိတ်တွေမကောင်းနိုင်တော့။ တစ်နေကုန်ပျော်နေတဲ့သမီးဟာ ချက်ချင်းကို နေထိပန်းလေးလို ညိုးခွေကျသွားတာများ မကြည့်ရက်စရာ။ လူဆိုတာ အဖော်အပေါင်းနဲ့အမြဲနေလို့မရဘူး တစ်ယောက်တည်းလည်း နေတတ်ရမှာပဲဆိုတာ သမီးသဘောပေါက်လွယ်မယ့် စကားမျိုးတွေနဲ့ တတ်နိုင်သမျှတော့ ဆုံးမပေမယ့် သမီးက အချိန်တန်ရင် ဧည့်မျှော်ဆဲ၊ ဆော့ဖော်ကို မျှော်နေဆဲ။
လူတွေဟာ ဝင်လာလိုက်၊ ထွက်သွားလိုက်နဲ့ ဘဝတစ်လျှောက်လုံးမြဲဖို့ခက်တဲ့အကြောင်း သမီးကြီးလာရင်တော့ နားလည်လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ။ အခုထိတော့ သမီးက သူ့အိမ်လေးထဲ သူနဲ့အတူလာဆော့မယ် ရွယ်တူလေးတွေကို မျှော်လင့်နေဆဲ၊ ဧည့်သည်တွေလာရင်ကို ပျော်နေတတ်ဆဲ။
မေမေတို့မှာရော ဧည့်သည်လာရင်ပျော်တဲ့ တစ်ဦးတည်းသောလေးတွေ ရှိပါသလား။ သူတို့အထီးကျန်နေတာကို မဖြည့်ဆည်းပေးနိုင်လို့ရော ဝမ်းနည်းဖူးပါသလားရှင် ... ။ ။