ကျွန်မတို့အိမ်က စည်းကမ်းကြီးတယ်၊ တင်းကြပ်တယ် ဘယ်အရာမဆို အကောင်းဆုံးနဲ့ စံပြပဲဖြစ်စေချင်တယ်။ ဒီတော့ ကျောင်းတက်ရတဲ့ကာလတစ်လျှောက်မှာ အဆင့်ဆိုလည်း အမြင့်ဆုံးပဲရအောင် ကြိုးစားရတယ်၊ အမှတ်ဆိုလည်း အကောင်းဆုံးတွေထဲပါနိုင်ဖို့ အမြဲတစေ ကြိုးပမ်းနေရတယ်။ အိမ်အပြင်ထွက်ဖို့ဝေးလို့ အပေါင်းအသင်းဆိုလည်း သူတို့သတ်မှတ်ပေးတဲ့သူတွေနဲ့ပဲ ပေါင်းရသင်းရတယ်၊ သူတို့သဘောမကျတော့ဘူးဆိုရင် ဆက်ဆံရေးတွေကို ချက်ချင်းဖြတ်တောက်ပစ်ရတယ်။ နည်းနည်းလေးမှ အတိမ်းအစောင်းမခံတဲ့ လူကြီးတွေလက်ထဲမှာ ကျဉ်းကြပ်ပြီး ရှင်သန်ရတာ မောလှပြီ။ ကျွန်မမောင်လေးကတော့ကျွန်မနဲ့ မတူဘူး။ သူက ယောက်ကျားလေးလည်း ဖြစ်တော့ အဲဒီလောက် တင်းကြပ်မှုဒဏ်ကို မခံနိုင်၊ ထွက်ပေါက်ရှာလာတယ်။
မောင်လေးက လုပ်ချင်တာလုပ်ပြီးမှ အပြစ်ပေးခံတယ်၊ သူ့စိတ်တိုင်းကျပဲ အကုန်တည်ဆောက်ပြီးမှ အသိပေးတော့တယ် အဲဒီအချိန်ကျ ဘာမှဖျက်မရ၊ ပြင်မရတော့ဘူး။ အိမ်ကလူကြီးတွေက စေ့စေ့ပေါက်ပေါက် ပြသနာရှာတတ်တော့ အလွယ်တကူလိမ်တတ်လာတယ်၊ ဇာတ်လမ်းတွေဆင်တတ်လာတယ်။ သံသယကြီးလွန်းတဲ့ လူတွေကြားမှာ နေ့တိုင်းမွန်းကြပ်လွန်းတော့ မုသားသုံးဖို့ဆိုတာ သူ့အတွက် ထမင်းစားရေသောက်လိုဖြစ်လာတယ်။
ကျွန်မကိုလည်း အဲဒီလိုလုပ်ဖို့ပြောပေမယ့် ကျွန်မကတော့ ကြောက်နေတာနဲ့ပဲ အမြဲပြန်ပြန်မိတော့တာ၊ ဘယ်ဟာကိုမှ လိမ်လို့ ညာလို့မရအောင် ထစ်ထစ်ငေါ့ငေါ့နဲ့ဆိုတော့ မလိမ်ရသေးဘဲနဲ့ကို ကြံစည်မှုနဲ့ ပိုပြီး အပြစ်ပေးခံရတော့တာ။ မောင်လေးဟာ ကျွန်မထက်တော့ ပိုလွတ်လပ်ပါရဲ့ ဒါပေမယ့် ကျွန်မထက်လည်း ပိုနာကျင်ခံစားရတယ်၊ လုပ်ချင်တာလုပ်တတ်တဲ့သူဆိုတော့ ပိုကြမ်းတမ်းတဲ့နည်းလမ်းတွေနဲ့ အပြစ်ပေးတာကိုလည်း သူက အရွဲ့တိုက်ပြီးတော့ ကျေကျေနပ်နပ်လက်ခံတယ်။ အရွယ်ရောက်လာတဲ့တစ်နေ့မှာတော့ မောင်လေးဟာ မိသားထဲကနေ လုံးဝပျောက်ကွယ်သွားတော့တယ်။ ကျွန်မမှာတော့ ငိုရင်းတားပေမယ့် သူဟာ ဒီတင်းကြပ်ကြပ် စည်းတွေကြားထဲကနေ အပြီးသတ် ထွက်ခွာသွားခဲ့ပါတော့တယ်။
ကိုယ့်မိသားစုနဲ့ကိုယ်ဖြစ်လာတဲ့တစ်နေ့မှာတော့ ကျွန်မသမီးလေးကို ကျွန်မလိုလူမျိုးမဖြစ်စေချင်တော့ဘူး။ ကြောက်လန့်မှုတွေနဲ့ လူတောမတိုးတဲ့သူမဖြစ်စေချင်ဘူး။ မောင်လေးလိုလည်း လုပ်ချင်တာလုပ်ပြီးမှ အပြစ်ခံယူမယ်ဆိုတဲ့ ပင်ပန်းမှုမျိုး မခံစားစေချင်ဘူး။ ကျွန်မနဲ့သမီးကြားမှာ သူငယ်ချင်းလို၊ ညီအစ်မလို ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးလေးထားတယ်၊ တစ်ခုခုဆို ဖိအားမပေးဘဲ သမီးလုပ်နိုင်သလောက်လေးပဲ ကြိုးစားဖို့ အားပေးတယ်၊ သမီးတကယ်ဝါသနာပါတာကိုပဲ ပံ့ပိုးပေးဖို့ အားထုတ်တယ်၊ သမီးဆီက အစစ်အမှန်ကိုပဲရချင်တယ်။
ကျွန်မတို့ အလွယ်တကူလိမ်ညာကြတယ်ဆိုတာ အပြစ်ပေးခံရမှာစိုးလို့မဟုတ်လား။ အပြစ်ပေးတာမဟုတ်ဘဲ အမှန်တရားကိုပြောပါစေ၊ ပြီးတော့မှ အမှားအမှန်ကိုဆုံးဖြတ်ပြီး နောက်တစ်ကြိမ် ဒီလိုမလုပ်ဖို့ ဆုံးမပေးလို့မရဘူးလား၊ မှားခဲ့ရင်ရော အခွင့်အရေးထပ်ပေးဖို့ မဖြစ်နိုင်ဘူးလား။ ကလေးတွေကို မှားခွင့်ပေးလိုက်ပါ၊ ဒါမှပဲ အမှားရဲ့အကျိုးဆက်ကို သူတို့နားလည်လာပါလိမ့်မယ်၊ အမှန်ကိုပြောတဲ့အခါ ရနိုင်မယ့် ရလဒ်ကိုပါ တစ်ခါတည်း ယှဉ်ပြီး သိသွားပါလိမ့်မယ်။
လူတိုင်း စင်းလုံးချောတော့ အပြစ်မကင်းဘူးပေါ့ ဒါပေမဲ့ စည်းကမ်းတင်းကြပ်ပြီး တစ်ဖက်သတ်ဆုံးဖြတ်ချက်ချတာကရော တကယ့်ဖြေရှင်းနည်းအစစ်အမှန်မှဟုတ်ရဲ့လား။ ကျွန်မသမီးလေးကို ကျွန်မလို အကြောက်အလန့်ကြီးပြီး လူရာမဝင်တဲ့သူလိုမဖြစ်စေချင်ပါ၊ မောင်လေးလိုမျိုးလည်း လွတ်မြောက်ရာကိုရှာပြီး ထွက်ပြေးပျောက်ကွယ် မသွားစေချင်ပါ။ ဒါဆို မေမေတို့ကရော ….. ။ ။