အဆူအငေါက်တွေနဲ့ချည်းကြီးပြင်းလာရတဲ့ကလေးဟာလည်း သူအော်လို့ရတဲ့သူကို ပြန်ငေါက်ငမ်းနေမှာပဲ။ ကလေးတစ်ယောက်တစ်ယောက်ရဲ့ မိသားစုနဲ့ အနီးအနားပတ်ဝန်းကျင်အနေအထားဟာ အဲဒီကလေးရဲ့ အရွယ်ရောက်မှုမှာ ရာခိုင်နှုန်းတော်တော်များများ ရိုက်ခတ်နေတတ်ပါတယ်။ သူဘယ်လိုမျိုးကြီးလာခဲ့တယ်ဆိုတာကိုအပြစ်တင်မယ်ဆိုရင် သူငယ်စဉ်က ဘယ်လိုကြီးလာရတယ်ဆိုတာကိုလည်း သိသင့်ပါတယ်။
ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းလာရတဲ့ကလေးက ဆက်ကြမ်းတမ်းဖို့လည်းများပါတယ် ဒါပေမဲ့ အဲဒီအခိုက်အတန့်တွေမှာ သေချာဆုံးမပဲ့ပြင်ပေးမယ်၊ သူကိုယ်တိုင်ကလည်း စာတွေဖတ်ရင်း ကိုယ့်ဘာသာပြုပြင်ရင်း ပိုကောင်းတဲ့အခြေအနေကို ဖန်တီးချင်စိတ်ရှိနေတယ်ဆိုရင်တော့ သေချာပေါက် လူကောင်းဖြစ်လာမှာမလွဲမသွေပါပဲ။
ပတ်ဝန်းကျင်ရဲ့ သဘောသဘာဝကိုက လွှမ်းမိုးတတ်တာများပါတယ်။ မိဘတွေ၊ ဆွေမျိုးတွေ အမြဲတမ်းရန်ဖြစ်နေတဲ့အိမ်ကကလေးတွေက ထိတ်လန့်စိတ်လည်း များတတ်တယ်၊ ကြောက်ရွံ့နေတတ်ပြီး ရန်လည်းလိုတတ်တယ်။ မယုံကြည်စိတ်တွေများတတ်ပြီး တစ်ဖက်သားကိုအဆိုးမြင်တတ်ကြပါတယ်။
အေးဆေးတဲ့မိဘတွေနဲ့ကြီးပြင်းလာရတဲ့ကလေးကတော့ အများအားဖြင့် တည်ငြိ်မ်လေ့ရှိကြတယ်။ ဒါပေမဲ့ အမြဲတမ်းမှန်နေတာတော့လည်း မဟုတ်ဘူးပေါ့လေ နဂိုဗီဇဆိုတာကလည်း ရှိသေးတယ် ဆိုးတဲ့ကလေးကတော့ ဆိုးမှာပဲ၊ လိမ္မာချင်တဲ့ကလေးကလည်း အချိန်တန်လိမ္မာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နုနယ်သေးတဲ့ကလေးတွေရဲ့စိတ်နှလုံးထဲမှာ အမာရွတ်တွေမရှိဖို့၊ နာကျင်ထိခိုက်ခြင်းတွေမရှိဖို့ မိဘတွေကပဲ တတ်အားသလောက် ကြိုးစားသင့်ပါတယ်။
ငယ်ဘ၀ရဲ့ထရော်မာတွေကင်းစင်တဲ့ကလေးဟာ ဆယ်ကျော်သက်ဘ၀မှာရော၊ ရင့်ကျက်တဲ့အရွယ်ရောက်လာတဲ့အခါမှာရော ပိုပြီးတော့ စိတ်အားထက်သန်မယ်၊ ကြိုးပမ်းနိုင်မယ်လေ။ ဒီတော့ မိဘတွေကလည်း ဒါလေးကို ဂရုတစိုက်ရှိစေချင်တယ်။ လင်မယား၊ ဆွေမျိုးအသိုင်းအ၀ိုင်းဟာ ရန်တော့ဖြစ်မှာပဲပေါ့ အမြဲတမ်းတည့်နေတယ်လို့တော့ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ ကလေးရှေ့မှာ နည်းနည်းထိန်းလိုက်ဖို့၊ ခွန်းကြီးခွန်းငယ်ဖြစ်တော့မယ်ဆိုရင် ကလေးမျက်ကွယ်ရာမှာဖြစ်ဖို့၊ မတတ်လာလို့ ကတောက်ကဆဖြစ်တယ်ဆိုရင်တောင် ကြမ်းတမ်းပြီး ကလေးမမြင်သင့်၊ မကြားသင့်တာတွေကို ကလေးနဲ့ထိတွေ့မှုမရှိစေဖို့ စသည်ဖြင့်ပေါ့ မိဘတွေအနေနဲ့ကြိုးစားပေးသင့်ပါတယ်။
စားဝတ်နေရေးအရခက်ခဲမှုတွေရှိနေပြီး ဘ၀ရှင်သန်ရေးအတွက် ကြိုးစားရုန်းကန်ရင်းက စိတ်မကျေနပ်မှုတွေ၊ အထိအခိုက်တွေကနေလွင့်စဉ်လာတဲ့ မိသားစုအဆင်မပြေမှုတွေရှိမယ်ဆိုတာကိုလည်း နားလည်ပေမယ့် ကိုယ်မွေးထားတဲ့ရင်သွေးလေးကိုလည်း တစ်ချက်ငဲ့ကြည့်စေချင်ပါတယ် ဖေဖေတို့၊ မေမေတို့ရေ။ ကလေးလေးက ကြောက်နေမှာကို စိတ်မကောင်းမဖြစ်ဖူးလား၊ ကလေးလေး ၀မ်းနည်းနေမှာကိုရော ထည့်မတွေးတော့ဘူးလားလို့ တိုက်တွန်းရင်း။