လက်တစ်ဖက်ကအိတ်ကိုလွယ် တစ်ဖက်က သမီးလေးကို ပွေ့ချီရင်း ဈေးထဲကနေထွက်တော့ အသိအစ်မတွေနဲ့တွေ့တယ်။
“ ဈေးလာတာလား ညီမရေ”
“ ဟုတ်တယ် အစ်မရေ ဒီနေ့လေးပဲလာရတာ”
“ မီးမီးက နို့ဘူးလေးနဲ့ပဲ သူ့ကိုအမေနို့မတိုက်ဘူးလား”
“ ဟုတ်တယ်အစ်မ ရုံးပြန်တက်နေရလို့လေ”
“ သူ့ကြည့်ရတာ ပိန်တယ်နော် အဲဒီနို့မှုန့်တွေကြောင့်ဖြစ်မယ်”
“ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတော့ တိုက်တာပါပဲ အစ်မရယ်”
“ သူတို့ကသာ ပြောတာလေ အစ်မကလေးဆို အမေနို့ပဲစို့တော့ ကျန်းမာတယ် အမေနို့ပဲတိုက်တာမဟုတ်ဘူး ညီမကလည်း”
ကျွန်မလည်း ခေါင်းပဲညိတ်လို့ ခပ်ပြုံးပြုံးပဲ နှုတ်ဆက်ခဲ့တော့တယ်။ ကိုယ့်ဝမ်းနာကိုယ်သာသိကိုး။ အနောက်မှာကျန်ခဲ့တဲ့သူတွေဆီကနေ တီးတိုးပြောသံတွေလည်း ကြားပါတယ်။
“ သူ့ကြည့်ပါလား အပျိုလေးအတိုင်းနေနေတာ သူအလှပျက်မှာစိုးလို့ ကလေးကိုနို့မတိုက်တာနေမှာ”
“ ဟယ် ဟုတ်လို့လား သူအလုပ်လုပ်နေရလို့နေမှာပါ”
“ ဟဲ့ သားသမီးထက်အလုပ်က အရေးကြီးလို့လား သူ့ကလေးတော့ သနားပါတယ် ပိန်လှီနေတာပဲ အာဟာရလည်း ပြည့်ပုံမရဘူး”
“ အင်းနော် သူတို့ကြည့်ရတာ ပြည့်စုံပုံပဲကို အလုပ်လုပ်ဖို့လိုလို့လား”
“ ကျုပ်ကတော့ အဲဒီနို့မှုန့်တွေကိုမယုံပေါင် ကျုပ်သားသမီးကိုလည်း တခြားသူကိုအပ်ခဲ့ဖို့ စိတ်မချလို့ အိမ်မှာပဲနေတာ ပိုက်ဆံကအရေးမကြီးပါဘူးအေ”
တုန့်ပြန်ချင်စိတ်ရှိပေမယ့်လည်း ခေါင်းကိုသာ ခပ်ဖြည်းဖြည်းခါယမ်းမိပါတော့တယ်။ ကိုယ့်အကြောင်းကိုယ်ပဲသိမှာရယ်၊ တခြားသူက ဘာများပိုသိနိုင်မှာတဲ့လဲ။
သမီးလေး ၄ လနဲ့ရုံးပြန်တက်ဖို့ဖြစ်လာတော့ နို့ဘူးအကျင့်လုပ်ချိန်မှာ မသောက်ဘူးအတင်းငြင်းနေတဲ့ သမီးကိုကြည့်ပြီး မျက်ရည်နဲ့မျက်ခွက်ပါပဲ။ မဖြစ်မနေမို့ရုံးပြန်တက်ရတာပေါ့ တစ်ယောက်တည်းလုပ်စာနဲ့မလုံလောက်တဲ့ အခြေအနေကို အပေါ်ယံကြည့်ပြီးတော့ ဆုံးဖြတ်လို့မှမရတာ။ ရုံးမှာလည်း သမီးလေးနို့ဆာပြီဆို တင်းခဲလာတဲ့ရင်သားနဲ့အတူ ငိုမိတာလည်း အကြိမ်ကြိမ် ဘယ်သူကသိမှာလဲ။ ညပိုင်းအိမ်ပြန်ရောက်တာနဲ့ ကိုယ့်နို့ချိုကို ပြန်တိုက်လည်း နှစ်ခုရောသွားတဲ့သမီးက ဝမ်းတွေသွားတယ်၊ နောက်တော့ ကိုယ့်ကလည်း နို့မထွက်တော့တာတွေ ဖြစ်လာတယ်။ ဒါနဲ့ပဲ ဆရာဝန်ဆီက အသိအမှတ်ပြုထားတဲ့ နို့မှုန့်နဲ့ နည်းစနစ်ကျကျ တိုက်တာပါပဲ။ မွေးကတည်းက သေးတဲ့ကလေးမို့ ချက်ချင်းေတော့ အကြီးထွားဘယ်မြန်ပါ့မလဲ။
တိုက်ချင်တာပေါ့ ရင်ခွင်ထဲထည့်ပွေ့ပြီး ကိုယ့်နို့ရည်ကို အာဟာရလုပ်ယူနေတဲ့ သမီးလေးမျက်နှာကိုကြည့်ရင်း ကြည်နူးရတဲ့ခံစားမှုကို ဖြစ်နိုင်ရင် သမီးလေးကြီးသွားတဲ့အထိ ရချင်တာပေါ့။ မိခင်နို့တိုက်ရင် ကိုယ်ခံအားစနစ်ကောင်းတယ်ဆိုတာလည်း သိတာပေါ့။ အလှပျက်မှာစိုးလို့လားလို့မေးလာတိုင်းလည်း ပြန်ပြောပစ်ချင်တာတအားပါပဲ။ အလှမပျက်ချင်ရင် ဒီသမီးလေးကိုတောင် ဘယ်ယူပါ့မလဲ။ ဒီအတိုင်းပဲ ကြော့ကော့နေအောင် နေပစ်မှာပေါ့။ တစ်ခါတလေတော့ တစ်ဖက်တည်းအမြင်တွေအတွက် ပင်ပန်းလာတာပဲ။ ဒါပေမယ့်လည်း နေသားတော့ ကျလာတာကြာပါပြီ ကိုယ့်အတွင်းရေး ကိုယ့်လိုအပ်ချက်တွေကို တခြားတစ်ယောက်ကို မဖြစ်မနေရှင်းပြဖို့မလိုဘူးထင်တာပဲလေ။
ရုံးသွားရမယ် ဒါမှပိုက်ဆံရရင် သမီးလေးရှေ့ရေးအတွက် ငွေပုံမှန်စုနိုင်မယ်။ အိမ်ကမိသားစုအတွက်လည်း ချောင်လည်မယ်။ ပိတ်ရက်တွေမှာသမီးနဲ့နေမယ်၊ သမီးလိုချင်တာတွေတိုင်းကို မျက်နှာမလွှဲဘဲ ဝယ်ပေးသင့်တာ ဝယ်ပေးနိုင်ဖို့အတွက်လည်း ကျွန်မ အလုပ်ပိုကြိုးစားရဦးမယ်။ သမီးလေးအတွက်လည်း ကျန်းမာရေးလိုအပ်ချက်တွေ ချက်ချင်းဖြည့်နိုင်ဖို့ တခြားသူတွေရဲ့ အသံကို လျစ်လျူရှုဖို့ ကြိုးစားပါဦးမယ်။