ကိုယ့်သားသမီးဟာ တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်ဖို့အတွက် မွေးဖွားထားတာလား..?

ကိုယ့်ကလေးဟာ တစ်စုံတစ်ယောက်နဲ့ ခိုင်းနှိုင်းရမယ့် ဖြစ်တည်မှုမျိုး မဟုတ်ပါ …
“နင်နော် စာကိုမလုပ်ဘူး ဟိုဘက်အိမ်က အဝါဆို နေ့တိုင်းစာပဲ ကျက်နေတာ”
“သမီး မုန့်တွေပဲ စားနေတာနော် ဟိုမှာကြည့် ဖြူဖြူဆို ဘယ်လောက်လိမ္မာလဲ ထမင်းပဲစားတယ်”
“ဒေါ်ငယ့်သားများဟယ် ဂုဏ်ထူး ငါးဘာသာတဲ့ နင်နဲ့များကွာပ သူများတွေ တော်လိုက်ကြတာ”
“အမယ်လေး မိဘချင်းယှဉ်ရင် ငါ့မယ် မျက်နှာဘယ်နားထားရမှန်းတောင်မသိဘူး သူများသားသမီးတွေ တော်လိုက်ကြတာ နင်ကတော့ တစ်စက်မှ အသုံးမကျဘူး”
“နင့်ညီမ ဝမ်းကွဲတောင် ဘဏ်မှာလုပ်တာ လစာပိုကောင်းတယ် နင်ကတော့ နှစ်ပဲတပြားနဲ့ ဘာသုံးစားလို့ရမှာလဲ တစ်သက်လုံး တိုးတက်မှာကို မဟုတ်ဘူး”
ဒါတွေဟာ တော်တော်များများ ကြားခဲ့ရတဲ့စကားတွေပါ။ တစ်ခုမဟုတ်တစ်ခုကတော့ ကြားခဲ့ရလေ့ရှိပါတယ်။ အဲဒီလိုမျိုး အိမ်စာမလုပ်တာကစလို့ ကစားမက်တာအဆုံး အလုပ်ရတဲ့အထိ ဘဝတစ်လျှောက်လုံး တစ်ယောက်ယောက်နဲ့ အမြဲတမ်း နှိုင်းယှဉ်ခံနေရတဲ့ ခံစားချက်က သိပ်ဆိုးတာပါပဲ။
လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ၊ ကိုယ်ရယ်ကိုယ်သွေးဟာ၊ ဉာဏ်ရည်ပြည့်ဝမှုဟာ၊ ခံနိုင်ရည်တွေဟာ၊ သင်ယူနိုင်စွမ်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီသလို တစ်ယောက်ယောက်နဲံ နှိုင်းယှဉ်ပြီး တိုင်းတာလို့လည်း မရတဲ့ အရာတွေပါ။ သူလုပ်နိုင်တာကို ကိုယ်မလုပ်နိုင်ပေမယ့် ကိုယ့်လုပ်နိုင်တာကို သူမလုပ်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ။ တစ်စုံတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းဟာ တစ်စုံတစ်ယောက်နဲ့ အယှဉ်ခံဖို့ မဟုတ်ပါဘူး။ လူတိုင်းဟာ သီးသန့်ဖြစ်တည်မှုတစ်ခုစီ ပိုင်ဆိုင်ကြပြီးသားပါ။ လူတိုင်းလုပ်နိုင်တာကို မလုပ်နိုင်ခဲ့ဘူးဆိုရင်တောင် ဒါဟာ ကိုယ့်အားနည်းချက်လည်း ဖြစ်နေနိုင်တယ်၊ အဲဒီပြသာနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မိဘအုပ်ထိန်းသူတွေအပေါ်အများကြီး မူတည်သွားပါတယ်။
အကြီးကို အငယ်နဲ့ နှိုင်းတဲ့အခါ မောင်နှမအချင်းချင်း စိတ်ဝမ်းကွဲပါတယ်၊ သူငယ်ချင်းအချင်းချင်း ယှဉ်ပြောတဲ့အခါ နှစ်ယောက်ကြားမှာ အဖုအထစ်ဖြစ်ရပါတယ်။ မိတ်ဆွေတွေကြားမှာ ယှဉ်ပြီး ထောက်ပြပြောဆိုတဲ့အခါ မျက်နှာပျက်ရပြီး နေရခက်ပါတယ်။ စဉ်းစားပေးပါ အဲဒါက အဖြေလားလို့။
ကိုယ့်ကလေးကို ဖြစ်စေချင်တာကို နားလည်ပါတယ်၊ မိဘတိုင်းကလည်း အကောင်းဆုံးဖြစ်စေချင်တာ အိပ်မက်ပါပဲ။ ဒါပေမဲ့ အဲဒီလို မိဘကကောင်းစေချင်လို့ မခံချင်စိတ်ဖြစ်အောင် ပြောနေတာပါဆိုတဲ့ဟာကို အသုံးချပြီး အဲဒီစကားတစ်ခွန်းတည်းနဲ့ ကိုယ့်ကလေးကို သိမ်ငယ်စိတ်ဝင်အောင် လုပ်မလို့လား၊ မနာလိုတတ်တဲ့ကလေးဖြစ်အောင် လုပ်မလို့လား၊ အမုန်းပွားနေတဲ့ ကလေးအဖြစ် မြင်ချင်လို့လား။ မိဘကိုယ်တိုင်ကိုက အထင်မကြီးတဲ့လူအဖြစ်နဲ့ ကိုယ့်ဘာသာ စိတ်ဓါတ်ကျသွားစေချင်လို့လား။
ဖြစ်နိုင်ရင် စဉ်းစားပေးပါ … ကိုယ့်သားသမီးဟာ တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်ဖို့အတွက် မွေးဖွားထားတာဟုတ်လို့လားဆိုတာ … ။ ။

Older Post Newer Post


Leave a comment