ါ့သားသမီးပဲ ငါစိတ်တိုင်းကျ ဆုံးဖြတ်မယ်လို့ အမြဲမတွေးပါနဲ့။
ငါမွေးထားတာမို့ ငါပြောတာအမှန်၊ ငါလုပ်တာခံဆိုရင် သားသမီးမွေးထားတာနဲ့မတူဘဲ အရုပ်ကလေးတွေလိုဖြစ်နေတော့မှာပေါ့။ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရာအားလုံးကို ကန့်သတ်မချုပ်ချယ်လိုက်ပါနဲ့။ တဖြည်းဖြည်းပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းကိုလည်း လက်ခံပေးပါ၊ နားလည်ပေးပါ။ ဒါမှပဲ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးတစ်ခု သားသမီးနဲ့ မိဘကြား တည်ဆောက်နိုင်မှာပါ။
သားသမီးဆိုပေမယ့်လည်း privacy လေး ထားပေးပါ။ သူ့အခန်းထဲကို ဝင်မယ်ဆိုရင် တံခါးလေးတော့ ခေါက်ပေးပါ၊ သူ့ပစ္စည်းတွေကိုင်တော့မယ်ဆိုရင် တစ်ချက်လောက်တော့ အသိပေးပါ၊ သူနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သူ့ဆန္ဒလေးလည်း ဆွေးနွေးပေးပါ၊ သူလျို့ဝှက်ထားချင်တဲ့ ကိစ္စမျိုးဆို ဖိအားမပေးဘဲ တဖြည်းဖြည်းနဲ့ မေးကြည့်ပေးပါ၊ သူဖြစ်ချင်တဲ့ စိတ်ကူးတွေရှိရင် မသင့်တော်ဘူးထင်နေရင်တောင် ယတိပြတ်မငြင်းဘဲ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ နားဝင်အောင် ရှင်းပြပေးပါ၊ သူ့အိပ်မက်တွေကို ကိုယ့်ဆန္ဒချည်းသက်သက်နဲ့ မရိုက်ချိုးလိုက်ပါနဲ့ ကိုယ့်တုန်းကရော ဘယ်လိုခံစားရလဲ ပြန်တွေးပေးပါ။
ခေတ်အခြေအနေအရ မဖြစ်သင့်တာမဖြစ်စေချင်တဲ့ ပူပန်သောကတွေကိုလည်း နားလည်ပါတယ်၊ စိုးရိမ်သင့်တာတွေကို စိုးရိမ်မိတာကလည်း အလွန်တော့မဟုတ်ဘူးပဲ။ ဒါပေမဲ့ သားသမီးနဲ့ မိဘအကြား ငါမွေးထားတာပဲ၊ ငါပြောသမျှဖြစ်ရမယ်ဆိုတာမျိုး နည်းနည်းလေးတော့ လျှော့လိုက်ပါ။ မိဘဆိုတာလည်း တစ်ခါတုန်းက သားသမီးပဲ မဟုတ်လား။ ကိုယ်တွေတုန်းက လွတ်လပ်လိုစိတ်ကလေးကို သူလည်း လိုချင်မှာပဲလို့ တွေးပေးလိုက်ခြင်းအားဖြင့် ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခု မြဲမြဲမြံမြံ တည်ဆောက်ပါ။