ငါ့မြေးငါ့မြေး'' နဲ့လုပ်လွန်းလို့ သမီးလေးကဆိုးတယ်...

ငါ့မြေးငါ့မြေး'' နဲ့လုပ်လွန်းလို့ သမီးလေးကဆိုးတယ်
တစ်ဦးတည်းသောသမီးဆိုတော့ သမီးကဆိုးတယ်။ ဘယ်အရာမဆိုသူလိုချင်တိုင်းရနေတော့လည်း သမီးက လိုတာမရဘူးဆိုတဲ့အခြေအနေကို လုံးဝလက်မခံတော့ဘူး။ သမီးက ဆွေမျိုးတွေကိုရော၊ အသိမိတ်ဆွေအပေါင်းအသင်းတွေကိုရော သူ့ကိုသမျှ သူနဲ့နီးကပ်တဲ့သူတိုင်းကို အနိုင်ကျင့်လေ့ရှိတယ်။ အိမ်ကို အမျိုးတွေလာလည်ရင် သမီးဒဏ်ကို ကလေးရော၊ လူကြီးပါခံရတယ်။ ပြသနာက သမီးကို ဆူမယ့်၊ ဟန့်မယ့်သူမရှိတာပဲ။ သူ့ကိုတားမယ့်သူမရှိတော့ သမီးကို ပိုပိုပြီးဆိုးလာတယ်၊ ပိုပိုပြီးရောင့်တက်လာတယ်။
ဘယ်သူတွေကအလိုလိုက်တာလဲဆိုတော့ သူ့အဖွားနဲ့ကြီးတော်တွေပဲပေါ့။ ဒီကလေးက လမစေ့ဘဲမွေးလာရလို့၊ ကိုယ်ဝန်ဆောင်တုန်းကလည်း ခက်ခက်ခဲခဲနဲ့ရလာရလို့ စသည့်ဖြင့် သူတို့သည်းတုန်အူတုန်အောင် တန်ဖိုးထားရ၊ သည်းသည်းလှုပ်ချစ်ရတဲ့ကလေးပေါ့။ တကယ်ကတော့ သမီးက စောသာမွေးတာပါ ကျန်းမာရေးအခြေအနေကလည်းကောင်းပါတယ်၊ ဥာဏ်ရညဥာဏ်သွေးကလည်း သူများကလေးတွေတန်းတူပါပဲ ပြောချင်တာက ချွတ်ယွင်းတာမျိုးမရှိပါဘူး။ ဒါပေမဲ့ သူ့အဖွားတွေနဲ့တစ်အိမ်လုံးက သည်းကဲနေတဲ့ ကလေးဆိုတော့လည်း တော်ရုံအပြင်လူက ၀င်မတိုးတော့ဘူးလေ။
အိမ်ကိုလာလည်တဲ့ ကလေးတွေကို သမီးထက်ကြီးတဲ့သူဆိုရင်လည်း
“ဟဲ့ နင်ကအကြီးလေ ကလေးကို ပေးလိုက်”
ဟော သမီးထက်ငယ်ပြန်ရင်လည်း
“ မမကတောင်းရင်ပေးရတယ်လေ အငယ်က လိမ္မာရတယ်” တဲ့။
အမျိုးတွေက လူကြီးတွေဖြစ်နေရင်လို့ ဆိုဆုံးမမယ်ဆိုရင်လည်း
“ ပြောမနေပါနဲ့အေ သူငိုရင် တစ်နေကုန်ဂျီနေမစိုးလို့” နဲ့
သြော် သူတို့မြေးအတွက်ကျ အကြောင်းပြချက်တွေက ခိုင်မာချက်ပဲနော်။ ဒီလိုနဲ့သမီးက အမျိုးတွေကြားထဲမှာ အဆိုးတုံးလေးဖြစ်လာတယ်၊ ရှေ့တင်သာမပြောပေမယ့် သမီးကိုဆို ရှောင်ကြတယ်။
အပြင်လူတွေပဲလားဆိုတော့ ကျွန်မတို့လည်း အတူတူပါပဲ။ ကျွန်မတို့လင်မယားကိုလည်း အဖေရယ်၊ အမေရယ်ဆိုပြီး ဆုံးမခွင့်မပေးဘူး။ နှစ်ယောက်လုံးကအလုပ်သွားရတာမို့ တစ်နေကုန် အဖွားတွေနဲ့ပဲထားခဲ့ရတာဆိုတော့ ဆုံတဲ့အချိန်၊ ကြုံတဲ့အချိန် ၀င်ဆုံးမရင်တောင် ဆုံးမနေတုန်းက ၀င်ဖြတ်တော့တာ။ ကျွန်မက သမီးကို အရုပ်တွေရှုပ်ဖွထားလို့ ပြန်ကောက်ခိုင်းရင် ကလေးကိုမခိုင်းနဲ့ဆိုပြီး သူတို့ပဲ သိမ်းပေးတယ်၊ မုန့်တွေပဲစားနေလို့ ဖွက်ထားရင်လည်း အမေဖွက်ထားလည်း ဖွားဖွားကြီးရှိတယ်ဆိုပြီး မုန့်ဆိုင်ကို လက်ဆွဲခေါ်သွားတယ်၊ ပြောမရအောင် ဆိုးသွမ်းနေလို့ ဆူမိ၊ ဟောက်မိတာနဲ့ မျက်စောင်းတထိုးထိုးနဲ့ “ကလေးကို အဲ့လောက်ပြောစရာမလိုဘူး လာလာ ဖွားဆီ” ဆိုပြီး ဆွဲချီပွေ့ခေါ်သွားရော။
အဲဒီလို အကာအကွယ်ရှိနေတော့ သမီးက ကျွန်မတို့ကို လုံးဝမကြောက်ဘူး။ အဲဒီလိုမျိုး ဆုံးမနေတုန်း ၀င်မပြောဖို့၊ မကာဖို့ အကြိမ်ပေါင်းများစွာ ပြောတာပဲ၊ ညှိတာပဲ။ ဘယ်လိုမှမရပါဘူးရှင် ငါမြေး၊ ငါမွေးထားတာ၊ နင်တို့က မွေးပဲမွေးတာ ငါတို့က ပြုစုစောင့်ရှောက်ထားတာ အဲဒီလို စကားနာကလည်း ထိုးသေးရဲ့။ အဲဒီလိုတွေလုပ်နေတာက ကလေးကို ဒုက္ခရောက်အောင်လုပ်နေတာဖြစ်ကြောင်း၊ သူပိုပိုပြီးဆိုးလာရင် ကြီးလာတာနဲ့အမျှ ပိုပြီးခက်ခဲလာမှာဖြစ်ကြောင်း ဘယ်လိုပဲပြောပြော လက်မခံဘူးရယ်။ ငါ့မြေးကို ဘယ်သူအနိုင်ကျင့်ရဲမှာလဲ ငါရှိနေမှာပဲတဲ့။ ကဲ ဒါဆို အမေက သူနဲ့ ဘယ်လောက်အတူရှိနိုင်မှာလဲဆိုတော့ ခဏတော့ တွေဝေသွားတယ် ပြီးတော့လည်း လက်သုံးစကားပါပဲ “ ငါ့မြေးက ကလေးမို့ဆိုးတာ ကြီးလာရင် လိမ္မာသွားမှာ တော်တဲ့၊ထက်မြက်တဲ့ကလေးဖြစ်မှာ” တဲ့ …. သြော် အမေရယ် ငယ်ကတည်းက မဆုံးမထားရင် ကြီးလာမှ ဘယ်လိုများ ပြုပြင်လို့လွယ်မှာတဲ့လဲ။ အမေနဲ့လည်း ခက်ကိုခက်တယ်။ ဒီတိုက်ပွဲကို ဘယ်လိုများ နိုင်အောင်တိုက်ရမလဲ ခေါင်းတွေပါခြောက်ပါတယ် … ။ ။

Older Post Newer Post


Leave a comment