"အလုပ်တွေဘယ်လောက်ရှုပ်ရှုပ် သမီးကို ဂရုစိုက်ပါနော် မေမေ"

အလုပ်တွေဘယ်လောက်ရှုပ်ရှုပ် သမီးကို ဂရုစိုက်ပါနော် မေမေ''

အလုပ်ကိစ္စတွေက တပုံတပင်နဲ့ မပြီးမပြတ်သေး၊ ဖုန်းတွေက တဂွမ်ဂွမ်ဆက်နေပြီ မီးကပြတ်၊ ကွန်ပြူတာက Shut down ကျနဲ့ စိတ်တွေကရှုပ်နေတာကို သမီးက သူနဲ့ဆော့ဖို့ပဲ တဂျီဂျီတောင်းဆိုနေတယ်။ “မေမေမအားသေးလို့ပါ ဖွားဖွားကြီးနဲ့ဆော့လိုက်”ဆိုတာကို သူ့အဖွားခေါ်တာလည်းမရ၊ တရစပ် ဂျစ်တိုက်နေလို့ အော်ပေးလိုက်တာ စိတ်ကောက်ပြီး အခန်းထဲဝင်သွားလေရဲ့။ သူ့အဖွားကတော့ ကျွန်မကို မျက်စောင်းတထိုးထိုးပေါ့။ မတတ်နိုင်ဘူးလေ ဒီမှာ အလုပ်ကအရေးကြီးနေတာကိုး။ သမီးကို ပြီးမှပဲ ချော့လိုက်ပါတော့မယ်။

နောက်တစ်ရက်လည်း အလုပ်မှာ ဒင်နာရှိနေတာနဲ့ အပြန်ကနောက်ကျတယ် ရေမိုးချိုးပြီး အခန်းထဲဝင်တော့ သမီးက လှမ်းမေးတယ် “ မေမေ မီးမှာလိုက်တဲ့ ချော့ကလက်ပါလား” တဲ့။ အာ သေပြီ တစ်နေကုန်အလုပ်များနေတာနဲ့ မေ့သွားတာ။ နောက်နေ့ဝယ်လာခဲ့ပါ့မယ်ဆိုတာကို မကျေမနပ်နဲ့ ပွစိပွစိပြောနေပြန်တယ် ”အိပ်ခါနီးကို ဂျီကျမနေနဲ့ နောက်နေ့ဝယ်လာခဲ့မှာပေါ့ ဒါလေးမစားရတော့ ဘာဖြစ်မှာလဲ အမေမအားတာ သိသားနဲ့” လို့ ခပ်မာမာဟောက်ပေးလိုက်တော့ ကျွန်မကို မျက်စောင်းထိုးရင်း ဟိုဘက်လှည့်သွားတယ်။ ကျွန်မလည်း သိပ်ပင်ပန်းနေလို့ အိပ်ပျော်သွားတယ် သမီးစိတ်ကောက်နေတာကို မချော့ဖြစ်။

မနက်ဖြန်ကျောင်းမှာ ဆုပေးပွဲရှိတာမို့ကျွန်မကို ဆက်ဆက်လာဖို့ သမီးကပြောထားတယ်။ သူ့အဖေကလည်းခရီးသွားနေတာဆိုတော့ နှစ်ယောက်ထဲက တစ်ယောက်တော့ရှိမှာကောင်းမယ်လို့ သေချာမှတ်ထားပြီး မနက်ကျတော့ ရုံးမှာ အလုပ်တွေပိုဖိလုပ်ထားလိုက်တယ်။

ဖြစ်ချင်တော့ သွားခါနီးမှကပ်ပြီး အစည်းအဝေးလုပ်နေတာနဲ့ ကျောင်းကိုရောက်ချိန် နောက်ကျသွားတယ်။ ကျွန်မရောက်တော့ သမီးအလှည့်က ပြီးသွားပြီ။ ဒါပေမဲ့တော်သေးတာပေါ့ ပွဲကိုတော့ မှီလိုက်သေးတယ်မဟုတ်လား။ တစ်လမ်းလုံး ဆူပုတ်ပြီး ရန်ရှာလာတဲ့သမီးကို ဘယ်လိုမှ ရှင်းပြလို့မရတာနဲ့ ပိတ်ဟောက်လိုက်မိတယ်။

ပွဲကိုအမှီလာတာပဲ နောက်ကျတာလေးကိုတော့ ခွင့်လွှတ်ပေးပေါ့၊ မှားသွားတာလည်း သိပါတယ် ဒါပေမဲ့ နောက်တစ်ခေါက်ထပ်မဖြစ်စေရဘူးလို့ပြောနေတယ်မဟုတ်လား။ ဟိုဘက်လှည့်နေတဲ့သမီးက ကျွန်မကို အိပ်ခါနီးထိမခေါ်ဘူး။ ကျွန်မလည်း တစ်ဝက်တစ်ပျက်အလုပ်တွေ ဆက်လုပ်နေတာနဲ့ ညတော်တော်နက်မှ အိပ်ရာဝင်ဖြစ်တယ် သမီးကိုကြည့်တော့ အိပ်နေပေါ့။

ဒီနေ့တော့ ရုံးကစောဆင်းတာနဲ့ သမီးကြိုက်တဲ့ကြက်ကြော်နဲ့ဘာဘယ်တီးလေးဝယ်ပြီး ကျောင်းဆင်းချိန်အမှီသွားကြိုလိုက်တယ်။ ကျွန်မကိုမြင်တော့ ၀မ်းသာသွားတဲ့သမီးလေးရဲ့မျက်နှာကို ကြည့်ပြီး စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရတယ်။

ကျွန်မ၀ယ်လာတဲ့မုန့်ထုပ်လေးတွေကို တကိုင်ကိုင်နဲ့ သူ့သူငယ်ချင်းတွေကို လှမ်းကြွားသေးရဲ့။ သူ့ဆရာမကိုလည်း သူ့အမေလာကြိုလို့ ကျောင်းကားနဲ့မလိုက်တော့ဘူးလို့ တပြုံးပြုံးပြောနေပြန်တယ်။ ကျွန်မလက်ကိုဆွဲရင်း ခုန်ဆွ၊ ခုန်ဆွလမ်းလျှောက်လို့ သမီးလေးဟာ သိပ်ပျော်နေပုံပါပဲ။

“ အမယ် ကြက်ကြော်နဲ့ ဘာဘယ်တီးက သိပ်စွမ်းပါလား မေ့မီးလေးက မေ့ကို စိတ်မဆိုးတော့ဘူးပေါ့” ဆိုတော့ မျက်နှာလေး ညိုးငယ်သွားပြီး “ ကြက်ကြော်ကြောင့်မဟုတ်ပါဘူး မီးက မေမေလာကြိုတာကို ကြိုက်တာ” တဲ့။ အို သမီးလေးရယ် ….။

အိမ်ရောက်တော့လည်း သူ့အဖွားနဲ့တပြုံးပြုံးတက်ကြွနေလို့ အမေကလည်း ပျော်မဆုံးပေါ့။ သူ့မြေးကို အချစ်ဆုံးအဖွားမဟုတ်လား။ သမီးအိမ်စာလုပ်နေတုန်း အမေနဲ့စကားပြောဖြစ်တော့ “ခင်ရေ ညည်းသမီးက အဖေအမေနဲ့ကပ်နေချင်တာပါအေ အလုပ်ကိုလည်း ကြိုးစားတယ်ဆိုပေမယ့် ကလေးကိုလည်း အချိန်ပေးပါဦး အခု ငါ့မြေးက မိစုံဖစုံရှိပါလျက်နဲ့ အဖွားနဲ့ပဲ နေနေရတာ မဟုတ်သေးပါဘူး”

“ အမေရယ်သမီးလည်း သူ့အတွက်ပဲ ရှာနေတာမဟုတ်လား” ဆိုတော့

“ဟိုတစ်နေ့က ငါ့မြေးလေးငိုပြီးပြောနေတာ စိတ်ကိုမကောင်းဘူး အမေက မီးကိုမချစ်တော့ဘူးတဲ့လေ”

“ ဟင် သမီးက အဲဒီလိုပြောတာလား”

“ ဟုတ်ပအေ ငိုလို့ယိုလို့ပြောနေရှာတာ သူ့အမေရှေ့မှာကပြချင်တာတဲ့၊ သူ့အမေနဲ့အတူတူဆော့ချင်တာတဲ့အေ ညည်းတို့ ငါ့မြေးကိုမပစ်ထားကြပါနဲ့ အခုတောင် လာကြိုတာ ဘယ်လောက်ပျော်လိုက်သလဲ”

အိပ်ရာဝင်တော့ သမီးလေးကို ပွေ့ပြီး ရင်ခွင်ထဲကိုထည့် ပုံပြင်ပြောပြတော့ သမီးက ပြုံးလို့ရွှင်လို့ ကျွန်မကိုလည်း ဖက်ဖက်နမ်းသေးတယ်။ အခုကျွန်မသိပါပြီ ကျွန်မနဲ့အတူဆော့ချင်တာထက် ကျွန်မနဲ့အတူရှိနေချင်တာ၊ အလုပ်ထက်ပိုပြီး သူ့ကိုအချိန်ပေးစေချင်တာ။ ကျွန်မ၀ယ်လာတဲ့ချော့ကလက်ကိုစားချင်တာမဟုတ်ဘဲ သူ့အတွက်သတိရနေတာကို လိုချင်တာ၊ ကျွန်မကိုပွဲတက်စေချင်တာမဟုတ်ဘဲ ကျွန်မရှေ့မှာ သူဘယ်လောက်တော်တယ်လို့ လုပ်ပြချင်တာ၊ ကျွန်မဆီက အသိအမှတ်ပြုတာကို သူလိုချင်တာ။

အိပ်ပျော်နေတဲ့သမီးလေးကိုကြည့်ရင်း ရှိုက်ကြီးတငင်ကိုငိုချမိတယ်။ သမီးလေးကိုမချော့မိတဲ့ရက်တွေအတွက်နောင်တရမဆုံး၊ သမီးလေးကို ပစ်ထားမိတဲ့အချိန်တွေအတွက် စိတ်မကောင်းဖြစ်မဆုံး။

“ မေမေ သမီးလေးကို ပစ်မထားတော့ပါဘူးကွယ်” လို့ပြောရင်း သူ့ပါးလေးကိုနမ်းတော့ အိပ်နေရင်းကနေယောင်ပြီး “ မေမေ့ကို ချစ်တယ်” တဲ့လေ။ သမီးငယ်လေးရယ် မေမေ သမီးကို ပိုဂရုစိုက်ပါတော့မယ်။ တကယ်တော့ သမီးထက်အရေးကြီးတာက လက်ချိုးရေတွက်လိုက်ရင် ဒီမိသားစုနဲ့ သမီးပြီးရင်သမီးပဲရှိတာပါကွယ်။


Older Post Newer Post


Leave a comment