သူတို့လေးတွေ အရွယ်ကြီးမသွားခင် အချိန်ပေးပါနော်....

 

သူတို့လေးတွေ အရွယ်ကြီးမသွားခင် အချိန်ပေးပါ

မနက်မိုးလင်းအလုပ်သွား၊ ညမိုးချုပ်မှ အလုပ်ပြန်နဲ့ ကိုယ့်သားသမီးနဲ့ကိုယ်နဲ့ဟာ တစ်အိမ်တည်းနေပြီး ဝေးကွာနေသလိုလို။ သူတို့လေးတွေကြီးပြင်းလာတာကို ဖျတ်ခနဲပဲတွေ့လိုက်ရလိုလိုနဲ့ အချိန်တွေကုန်တာ မြန်လွန်းလှပါတယ်။ ပိတ်ရက်ကျတော့လည်း တစ်ပတ်လုံးစာအိမ်အလုပ်တွေလုပ်၊ မဖတ်ရသေးတဲ့စာအုပ်တွေဖတ်၊ မပြီးပြတ်သေးတဲ့အလုပ်တွေလုပ်နဲ့ ကလေးနားကိုမကပ်မိပြန်ဘူး မဟုတ်လား။

အဲဒီလိုနဲ့ ကလေးတွေနဲ့ ဝေးဝေးမသွားဖို့အတွက် အားလပ်ရက်လေး ရလာခဲ့ရင် သူတို့နဲ့အတူရှိပေးကြည့်ပါ။ အချိန်ပေးပြီး သူတို့နဲ့နီးကပ်ပေးကြည့်ပါ။ သူတို့လေးတွေလည်း ဖေဖေတို့မေမေတို့နားကပ်နေချင်ရှာမှာ။ ကလေးတွေဆိုတာက အဖေအမေကို ပိုကပ်ချင်တာ ထုံးစံပဲမဟုတ်လား။

သူတို့နဲ့အတူ ဈေးဝယ်ထွက်ပါ။ ဈေးနှုန်းလေးတွေကို သိလာမယ်၊ အိမ်ရဲ့လိုအပ်ချက်ကိုလည်း သူတို့သိလာမယ်၊ ဘာကတော့လိုနေပြီ ဘာကတော့ မလိုသေးဘူးနဲ့ ငွေသုံးသင့်မသုံးသင့်သူတို့ကိုပြောပြနိုင်တယ်။ အသီးအရွက်လေးတွေ၊ အသားငါးတွေနဲ့ ဘယ်ဟာက ဘယ်လိုချက်လို့ရတယ်ဆိုတာမျိုးပြောပြလို့ရမယ်၊ အာဟာရတန်ဖိုးတွေအကြောင်း သူတို့ကိုရှင်းပြလို့ရမယ်၊ အရောင်လေးတွေခွဲခြားပြီးတော့လည်း ကလေးတွေကို သင်ပြပေးလို့ရနိုင်တယ်။ ပြီးရင် မုန့်ဆိုင်တစ်ခုမှာ ဝင်စားမယ်၊ အိမ်အပြန်လမ်းက သိပ်မဝေးဘူးဆိုရင် လမ်းလျှောက်ပြန်ပြီးတော့ လမ်းတစ်လျှောက် သူတို့မေးသမျှဖြေမယ်၊ အိမ်ရောက်ရင် ဝယ်လာတာတွေကို သူတို့နဲ့အတူတူ ချက်ပြုတ်ကြမယ်။ ပျော်စရာကောင်းတဲ့ အားလပ်ရက်လေး ဖြစ်နိုင်ပါတယ်။

အားကစားတစ်ခုခုလုပ်ပါ။ ဥပမာ ရေအတူသွားကူးကြတာမျိုး၊ ကြက်တောင်ရိုက်တာမျိုး ဝေးဝေးလံလံမဟုတ်ရင်တောင် ခြံထဲမှာပဲ ဘောလုံးကစားတာမျိုးဖြစ်ဖြစ် အတူတူပျော်ပျော်ပါးပါး ဆော့ကစားကြမယ်ဆိုရင် သူတို့လေးတွေလည်း ပျော်၊ ကိုယ်လည်း ပျော်မယ်၊ ကိုယ်လက်လှုပ်ရှားပြီးသားလည်းဖြစ်မယ်။ တစ်နေ့တာကို ကလေးတွေနဲ့ပျော်ရွှင်ဖွယ် ဖြတ်သန်းပါ။

စာအုပ်သွားဝယ်တာ၊ ကစားစရာဝယ်တာ၊ အဝတ်အစားဝယ်တာ စသည်ဖြင့် သူတို့လိုအပ်တာလေးတွေကို အတူတူသွားဝယ်ကြပါ။ ပြီးရင် သူတို့စားချင်တာလေးတွေကို ဝယ်ကျွေးမယ်။ သူတို့ဘာလို့ကြိုက်တာလဲ လိုက်စားပေးကြည့်မယ်။ သူတို့ကိုပျော်စေမယ့်အရာတွေကို ဖြည့်ဆည်းပေးရတာက ပျော်စရာပါ။ သူတို့လည်း ဝမ်းသာမယ်၊ ကိုယ်လည်း ပီတိဖြစ်ရမယ်။ သားအမိသားအဖတွေ တရင်းတနှီးနဲ့ တစ်ရက်တာဟာ ကြည်နူးစရာ။

တစ်ပတ်တာလုံး အလုပ်သွားနေရတယ်ဆိုပေမယ့် ပိတ်ရက်လေးကိုတော့ ကလေးလေးကို အချိန်ပေးပါ။ မိသားစုနဲ့အတူရှိနေနိုင်တယ်ဆိုတာ အချိန်ခဏလေးပဲ ရှိမှာပါ။ သူတို့လေးတွေ ကြီးပြင်းမသွားခင်၊ အရွယ်မရောက်သွားခင် အတူတူနီးကပ်ရှင်သန်သွားဖို့၊ နွေးထွေးပေးဖို့ ကျွန်မတို့ အချိန်လေး ပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ကလေးလေးတွေနဲ့အတူ ပိုပြီးရင်းနှီးလာဖို့အတွက် ဘာလို့မလုပ်နိုင်ရမှာလဲ .. ။ ။


Older Post Newer Post


Leave a comment