သားသမီးတွေအပေါ် ပြန်ရစရာမလိုတဲ့ မျှော်လင့်ချက်မျိုးတွေပဲ ထားပါ....

သားသမီးတွေအပေါ် ပြန်ရစရာမလိုတဲ့ မျှော်လင့်ချက်မျိုးတွေပဲ ထားပါ
သားသမီးမွေးလာပြီးရင်တော့ သူတို့အပေါ်မျှော်လင့်ချက်တွေထားလေ့ရှိတာ မိဘတွေရဲ့သဘာဝပါပဲ။ မျှော်လင့်ချက်ကြီးလာလေလေ ပိုပြီးကန့်သတ်လာလေလေနဲ့ အချစ်လွန်၊ အစိုးရိမ်လွန်ပြီး အတ္တကြီးလာတာမျိုးလည်း ဖြစ်လာတတ်ပါတယ်။ အတန်းထဲမှာ အဆင့်တစ်ရမှ၊ ဘာသာစကားဘယ်နှမျိုးရမှ၊ ပြိုင်ပွဲတိုင်းမှာ ဆုတံဆိပ်ရမှ စသည့်ဖြင့် အကောင်းတကာ့အကောင်းဆုံးကိုသာ ဖြစ်လို၊ ရလို တတ်ကြပါတယ်။ အဲဒီအကျိုးသက်ရောက်မှုက တစ်ခါတရံမှာ သူတို့လေးတွေရဲ့ ကြီးပြင်းလာမှုအပေါ် သွားပြီးသက်ရောက်တတ်ပါတယ်။ မိဘတွေရဲ့လိုအင်ဆန္ဒမှတပါး သူတို့ကိုယ်ပိုင်မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတာမျိုး၊ မိဘရဲ့ guideline မပါဘဲ ဘာကိုမှမလုပ်တတ်တော့တာမျိုးတွေပေါ့လေ။
ကိုယ့်သားသမီးကို ကောင်းစေချင်လို့ဆိုတာကတော့ တကယ့်အမှန်တရားပါပဲ။ ဖြစ်စေချင်တဲ့ဆန္ဒတွေ၊ ကိုယ်မဖြစ်ခဲ့ရတဲ့အရာတွေအတွက် ဒီကလေးတွေအပေါ် ပုံလိုက်တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုပေမယ့်လည်း သူတို့လေးတွေဘက်ကိုလည်း ထည့်တွေးရမှာပဲ။ လူရဲ့လုပ်နိုင်စွမ်းအားဟာလည်း ဘာပဲဖြစ်ဖြစ် အကန့်အသတ်ရှိတာပဲဆိုတော့ ဖိအားတွေကို ခံနိုင်ဖို့အတွက် တင်းကြပ်တဲ့နည်းလမ်းတွေနဲ့ အုပ်ထိန်းမှုဟာ ဒဏ်ဖြစ်သွားနိုင်တယ်ဆိုတာလေးလည်း သတိချပ်စေချင်ပါတယ်။
ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ချဉ်းကပ်ပုံပြောင်းပြီး လုပ်စေမယ်ဆိုရင်ရော မရဘူးလား။ သိပ်ရတာပေါ့။ အဆင့်တစ်ပဲ ရရမယ်ဆိုတဲ့အစား top ten ထဲဝင်ရုံနဲ့ လက်ခုပ်တီးပေးလိုက်ရတာပဲ။ မဝင်တော့လည်း ဘာဖြစ်လဲ နောက်တစ်ခါကြိုးစားဖို့အတွက် အားပေးလို့ဖြစ်တာပဲ။ ဆုတံဆိပ်တွေမရခဲ့လည်း ကြိုးစားမှုကို ဝမ်းသာအားရအသိအမှတ်ပြုပေးမယ်ဆိုရင်ကော ဒါလည်းရတာပဲ မိဘရဲ့လှိုက်လှဲမှုကသာ သူတို့အတွက် အင်အားဖြစ်နိုင်နေမှာလေ။ ရတယ် ကိစ္စမရှိဘူး နောက်တစ်ခေါက်ကြိုးစားကြမယ်လို့ ပြောပေးကြည့်ပါ သူတို့လေးတွေ တကယ်ပျော်ရမှာ၊ နောက်တစ်ခေါက်လည်း တကယ်ကိုပိုကြိုးစားချင်ကြမှာပါ။
ပညာရေးအတွက်ပြီးလာတော့ အလုပ်အကိုင်တွေလည်း ပါလာပြန်ရော။ ကြီးလာရင်တော့ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်နဲ့ မျှော်လင့်ချက်တွေ ပုံကြပြန်တယ်။ သူတို့ရှေ့ရေးအတွက်ပဲဆိုပေမယ့်လည်း ငါမွေးထားတာ၊ ငါကဘယ်လို အုပ်ထိန်းထားတာ၊ ငါဘယ်လို ပြုစုပျိုးထောင်ထားတာ စသည်စသည် အတ္တလေးတွေ စွက်ကြပြန်တယ်။ ထိန်းထားတဲ့ကလေးဟာ လွတ်ထွက်တတ်တာ သဘာဝပါ။ ဖိအားတွေကို မခံနိုင်တော့လို့ ပေါက်ကွဲထွက်ကြတဲ့အခြေအနေတွေကိုလည်း သတိရပါ။ မျှော်လင့်ထားသလောက်မဖြစ်လာတဲ့အခါမှ စိတ်လျှော့လိုက်လည်း သားသမီးရော မိဘပါ နောင်တတွေနဲ့ နာကျင်နေမှာကိုလည်း ထည့်တွေးပါ။ ဘာတွေပဲဖြစ်လာလာ ကိုယ့်သားသမီးပဲမဟုတ်လား။ ကိုးလလွယ်ပြီးဆယ်လဖွား အခက်အခဲတွေ၊ ဒုက္ခတွေကြားက ရင်နဲ့ပိုက်ပြီး မွေးထားရတဲ့ ရင်နှစ်သည်းချာလေးပဲ မဟုတ်လား။ သူဟာ တစ်ခုခုဖြစ်ထွန်းခဲ့ရင်လည်း ကိုယ့်ကလေး၊ သူဟာ ကျဆုံးခဲ့ရင်လည်း ကိုယ့်ကလေး ဘယ်တော့မဆို တစ်သက်တာလုံး သူဟာ ကိုယ်ချစ်ရတဲ့ သားသမီးရင်သွေးပဲ မဟုတ်ဘူးလား။
မျှော်လင့်ချက်တွေထားပါ၊ ဖြစ်မလာရင်လည်း လက်ခံပါ။ လူကောင်းတစ်ယောက်အဖြစ် မွေးမြူပါ၊ လူဆိုးလေးဖြစ်သွားခဲ့ရင်တောင် ပြန်ပြုပြင်ဖို့အတွက် နည်းလမ်းရှာပြီးထိန်းကျောင်းပါ ဘာပဲဖြစ်ဖြစ် ထွေးပိုက်ပေးပါ။ တစ်ဘဝလုံးမှာ သူတို့ကို ဘာတွေပဲဖြစ်လာလာ လက်ခံပေးမယ့်လူက အနည်းအကျဉ်းပဲရှိတယ်ဆိုရင်တောင်မှ အဲဒါ မိဘပဲ ဖြစ်နေရမှာ မဟုတ်လား။ ရင်နဲ့လွယ်ပြီးမွေးထားပေးတဲ့ မိဘထက်များ ဘယ်သူ့မေတ္တာက လုံခြုံနိုင်ဦးမှာ … ။ ။

Older Post Newer Post


Leave a comment