သမီးကိုဆုံးမနေတဲ့အချိန် ကြားဖြတ်ပြီးတော့ ကာမပေးပါနဲ့*
“ ကလေးပဲကွယ် ဘာသိမှာလဲ လာလာ ဖွားဖွားကြီးဆီလာ”
“ သမီး ကိုယ့်လွယ်အိတ် ကိုယ်သိမ်းရမယ်လေ”
“ ဟဲ့ သြော် ငါ့ တူမလေးက မောလာတာလေ ထားခဲ့ ကြီးကြီးသိမ်းလိုက်မယ်”
“ သူငယ်ချင်းကို စိတ်ပုပ်တာ မေမေမကြိုက်ဘူးနော် သမီး။ အရုပ်အတူတူဆော့တော့ ဘာဖြစ်မှာမို့လို့လဲ”
“ ငါ့မြေးမဆော့ချင်ရင် မဆော့စေနဲ့ပေါ့ တကယ်ပဲ အမေဖြစ်ပြီး ကလေးကိုမာန်နေလိုက်တာ”
ဒါတွေဟာ ကျွန်မနဲ့သမီးကြား အမြဲကြားနေရတဲ့စကားတွေပါ။ ကျွန်မက သမီးလေးကို ဆူမယ်လုပ်တိုင်း ကြားရတဲ့ စကားတွေပေါ့။ သမီးကို လက်ပါဖို့မပြောနဲ့ စကားစလိုက်တာနဲ့ကို ဟန့်တားနေကြတော့ သမီးက ကျွန်မစကားဆိုအရေးမလုပ်တော့ဘူး။ တစ်ခုခုဆို သူ့ကို ကာကွယ်မယ့်လူတွေ ရှိနေတယ်ဆိုတဲ့အသိက ကျွန်မနဲ့သမီးကြားမှာ တံတိုင်းတစ်ခုဖြစ်လာတယ်။ ကျွန်မဆုံးမစကားဟာ သမီးကို အလိုလိုက်တဲ့ လူကြီးတွေရဲ့ ဟန့်တားသံကြားမှာ ပျောက်ဆုံးကုန်တယ်။ သူ့စိတ်ကြိုက်ဖြည့်ဆည်းပေးနေတဲ့ ဒီလူတွေနဲ့ယှဉ်ရင် သမီးအမြင်မှာ ကျွန်မဟာ လူဆိုးဖြစ်လာတယ်။ မေမေက သမီးကို မချစ်ဘူးဆိုတဲ့ စွပ်စွဲစကားတွေပါ ပါလာတဲ့အထိ။
ကျွန်မ လူကြီးမိဘတွေနဲ့ အခြေအတင် ဆွေးနွေးရပါတော့တယ်။ ကြာလာတာနဲ့အမျှ ကျွန်မနဲ့သမီးကြား အထင်လွဲတာတွေ ပိုဖြစ်လာမယ်။ အခုလို အချိန်ကတည်းက အမြင်စောင်းနေခဲ့ရင် ဆယ်ကျော်သက်ရောက်မှာ ကျွန်မ ဘယ်လို ထိန်းနိုင်မှာလဲ။ လူကြီးတွေကို နားဝင်အောင် ရှင်းပြရပါတယ်။ တကယ်လို့ ကျွန်မက ပြင်းထန်မိတယ်ဆိုရင်တောင် သတိပေးချင်ရင် သမီးကိုဆူနေတဲ့အချိန်မှာတော့ ဖြတ်မပြောဖို့၊ သူ့ကို မကာဆီးပေးဖို့၊ သူ့အပြစ်တွေကို မဖုံးကွယ်ပေးဖို့ပေါ့။ သမီးနောက်ကွယ်ကျမှ ဒီလိုပြောတာကတော့ လွန်တယ် ဒါမှမဟုတ် ဒီလိုကတော့ မပြောသင့်ဘူး စသည်ဖြင့်ပေါ့။ သူ့အမှားကို သူတာဝန်ယူတတ်မှ သမီးဟာ လူတော်တစ်ယောက်ဖြစ်မယ်တဲ့အကြောင်း၊ သမီးဟာ အခုကတည်းက အမှီအခို ကင်းနေမှ အရွယ်ရောက်တဲ့အခါ ကိုယ့်အားကိုယ်ကိုး နိုင်မှာဖြစ်ကြောင်း နားလည်အောင် ပြောပြရပါတယ်။
သမီးငယ်လေးကို ချစ်တဲ့အတွက် ဝမ်းသာရပေမယ့် ကျွန်မဆိုဆုံးမတဲ့အချိန် သူ့ကို ကာကွယ်ပေးလိုက်တာဟာ သူဘာလုပ်လုပ် ခွင့်လွှတ်နိုင်မယ်လို့ ထင်သွားနိုင်တယ်ဆိုတဲ့အကြောင်းတွေရောပေါ့။ ဒီနောက်တော့ ကျွန်မတို့ အဆင်ပြေသွားမယ်လို့ ထင်ပါရဲ့။ မေမေတို့ရေ …. ကျွန်မတို့ဟာ လူသားတွေဖြစ်တဲ့အတွက် သေခြင်းတရားကို မလွန်ဆန်နိုင်ပါဘူး။ ကိုယ့်ရင်သွေးလေး ဘယ်အချိန်မှ သေပါ့မယ်လို့လည်း ရွေးချယ်ပိုင်ခွင့်မရှိတဲ့အတွက် ရှင်သန်နေတဲ့အခိုက်အတန့်လေးမှာပဲ အမှားအမှန်ကို ပြောဆိုဆုံးမနိုင်ပါမယ်။ သူတို့လေးတွေ အကျိုးနဲ့အပြစ်ကို ခွဲခြားကန့်သတ်နိုင်မယ်၊ ကိုယ့်အားကိုယ်ကိုးနိုင်မယ်၊ ကိုယ့်တာဝန်ကိုယ်ယူနိုင်မယ် ဒီလိုနဲ့ သူတို့ဟာ တာဝန်သိတဲ့ အမှီအခိုကင်း ရပ်တည်သူတွေ ဖြစ်လာပါလိမ့်မယ်။
သူတို့ရှေ့မှာ ကျွန်မတို့ ဘယ်လောက်ကြာကြာ ရပ်တည်ပေးနိုင်မှာတဲ့လဲ။ သူတို့ရှေ့မှာ ကျွန်မတို့ ဘယ်လောက်များ ကာကွယ်ပေးနိုင်မှာတဲ့လဲ။ အမြဲတမ်း အလိုလိုက်ခံနေရတဲ့ ကလေးတွေဟာ လိုတာကို မရတော့ရင် ဘယ်လိုလုပ်မှာလဲ။ လောကဓံဟာ ဘာကိုမှ အာမခံချက် မရှိပါဘူး။ ကျွန်မတို့ချစ်တဲ့ ကလေးငယ်လေးတွေ အမှီအတွယ်ကင်းပါစေ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပါစေ။ ဒါဟာ သူတို့လေးတွေအပေါ်ထားတဲ့ ချစ်ခြင်းတရားကို စစ်မှန်တဲ့ နည်းနဲ့ပေးကမ်းခြင်းလို့ပဲ ကျွန်မကတော့ ယူဆရင်း … ။ ။