“ ဟိုလေ ကျွန်မကလေးကို မနမ်းပါနဲ့နော်”

“ ဟိုလေ ကျွန်မကလေးကို မနမ်းပါနဲ့နော်”
ကျွန်မပြောလိုက်တာနဲ့ချက်ချင်းဆိုသလို ဒီမှာရှိနေတဲ့လူတွေအကုန်လုံး ကျွန်မကို ၀ိုင်းကြည့်တော့တာပဲ။ ကျွန်မခင်ပွန်းကအစပေါ့။ နမ်းမယ်ပြင်နေတဲ့တစ်ယောက်ကလည်း အံ့သြသွားသလိုနဲ့တန့်သွားသလို ဘေးကလူတွေကလည်း ဒီမိန်းမ ဘာလဲဟပေါ့ လူကို ဒေါသထွက်သလိုကြည့်နေကြတာ။ ဒီလိုဖြစ်မယ်မှန်းသိသားပဲ။ မတတ်နိုင်ဘူးလေ ကျွန်မသားလေးက နေကောင်းတာလည်း မဟုတ်ဘူး ပြီးတော့အဓိက အကြောင်းရင်းက သူ့နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်တွေနဲ့လေ။
“ မေရီ မင်းဘယ်လိုကြီးပြောလိုက်တာလဲ sorry နော် အန်တီနန်စီ သူက နည်းနည်း sensitive ဖြစ်တတ်လို့ပါ”
“ ရပါတယ် ရပါတယ် ကိစ္စမရှိပါဘူး ကျွန်မက ရုပ်ဆိုးတော့ သိတယ်မဟုတ်လား ဟားဟားဟား ကလေးလေးကို ကူးသွားမှာစိုးလို့ပေါ့”
ရပါတယ်ဆိုပြီး ရယ်စရာလိုလိုလုပ်ပြောနေပေမယ့် အန်တီနန်စီရဲ့မျက်နှာက ငိုချတော့မလိုနဲ့ စိတ်မကောင်းဖြစ်သွားဟန်ပဲ။ ကျွန်မလည်း တကယ်ပဲ စိတ်မကောင်းပါဘူး ရိုင်းတယ်ပဲဆိုဆို သားလေးကို ကောက်ပွေ့ပြီး
“ ရုပ်ရည်နဲ့မဆိုင်ပါဘူး အန်တီနန်စီရယ် အန်တီနန်စီက ကျွန်မတို့အပေါ်ကောင်းပြီးသားပဲကို သားလေးက သိပ်နေမကောင်းလို့ပါ ဒါနဲ့ အန်တီနန်စီရဲ့ ရေယုန်ကို ဂရုစိုက်ဦးနော် ကျွန်မဆီမှာ ခရင်မ်လေးရှိတယ် ကောင်းတယ်ဆိုပဲ အဲဒါက နစ်ခ်နဲ့ထည့်ပေးလိုက်မယ် ကဲ ဒါဆို အထဲပြန်ဝင်လိုက်ဦးမယ်နော့်”
အပြောခံလိုက်ရတဲ့သူမှာ ဘယ်လောက်နာကျင်မလဲဆိုတာ ကျွန်မနားလည်ပါတယ် ကျွန်မကိုယ်တိုင်လည်း ပြောချင်လွန်းလို၊ နှိမ်ချင်လွန်းလို့မှ မဟုတ်တာ ကျွန်မသားလေးကို ကာကွယ်ဖို့အတွက် ကျွန်မရိုင်းတယ်၊ ဘ၀င်မြင့်တယ် စသည်ဖြင့် ဘယ်လိုခေါင်းစဉ်တပ်တပ် ရပါတယ်။ အဓိကကတော့ သားလေး ဘေးကင်းဖို့ပါပဲ။ ဒီနေရာမှာ အားနာလိုက်ရင် သားမှာ ကလေးတွေမှာ ဖြစ်တတ်တဲ့ herpes simplex gingivostomatitis (ဂျင်ဂျီဗိုစတိုမတိုင်းတစ်ဆ်) လို့ခေါ်တဲ့ ရေယုန်ပေါက်တာမျိုးတွေဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ မဖြစ်ဘူးလို့ပြောလို့မရဘူးလေနော် ဖြစ်များဖြစ်လာခဲ့ရင် ကလေးက လူကြီးလို ပျောက်လွယ်တာမဟုတ်ဘူးလေ။ ဖျားတာတွေ၊ ပျို့အန်တာတွေ၊ လည်ချောင်းနာ၊ အာသီးရောင်တာတွေ ဖြစ်လာမယ်။ အစကတည်းကမှ ကလေးက သိပ်နေကောင်းတာမဟုတ်တော့ ရောဂါဆိုပိုဖြစ်လွယ်တယ် ဒီလိုလက္ခဏာတွေဆိုလည်း ကလေးက ပြောတတ်ဦးမှာမဟုတ်ဘူး ငိုပဲငိုနေမှာ။ ဒီတော့ အခုကိစ္စမှာ ကျွန်မလွန်တယ်ပဲဆိုဆို ကျွန်မကတော့ ကျွန်မကလေးကို သည်းရမှာပဲ။
အိမ်ထဲကိုပြန်ဝင်လာတဲ့အမျိုးသားနဲ့ ထိပ်တိုက်ဖြေရှင်းဖို့လည်း အဆင်သင့်ပြင်ထားလိုက်တယ်။ ဒါက တိုက်ပွဲပဲ လူမှုပတ်ဝန်းကျင်နဲ့ မကြာခဏတိုက်ရမယ့် စစ်ပွဲလည်းဖြစ်ပါတယ်။ အကဲပိုတယ်လို့အပြောခံရမယ်၊ ဘ၀င်ရူးလို့လည်း အပြောခံရနိုင်တယ် အို ဒီထက်ဆိုးတာတွေလည်း ဖြစ်နိုင်တာပဲ။ မတတ်နိုင်ဘူး သူများအမြင်တွေထက် ကိုယ့်ကလေးက အရေးကြီးနေတာကိုး တစ်ဖက်ကလည်း ကိုယ့်မှာနေထိုင်မကောင်းတာမျိုး ကူးစက်လွယ်တဲ့တစ်ခုခုရှိနေတာမျိုးဆို ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းသိမ်းမယ်ဆို သိပ်ကောင်းမှာပဲ။ ဒါဆို နှစ်ဦးနှစ်ဖက် ပြောစရာလည်းမလိုတော့ဘူး၊ မျက်နှာလည်းပျက်စရာမရှိတော့ဘူးပေါ့။ အင်း ကျွန်မက မိခင်ကိုး သားသမီးကို ကာကွယ်ဖို့အတွက် လူအမြင်ကပ်လည်း သတ္တိရှိရှိ ခံရမှာပါပဲ

Older Post Newer Post


Leave a comment