
သမီး ၅နှစ်မှာ မောင်လေးကို မွေးတာ။ မောင်လေးကိုမွေးပြီးကတည်းက ဖေဖေရောမေမေပါ၊ ဖွားဖွားနဲ့ကြီးမေပါမကျန် သမီးကို ဂရုမစိုက်တော့ဘူး။ သမီးနဲ့လည်းအတူမဆော့ပေးတော့သလို သမီးဆော့နေရင်လည်း မောင်လေးနိုးသွားမှာစိုးလို့၊ မောင်လေးကိုထိခိုက်မှာစိုးလို့နဲ့ ပေးမဆော့တော့ဘူး။ မောင်လေးက နေမကောင်းဖြစ်တတ်လို့ အိမ်မှာဘယ်သူမှမအားတော့ဘူး။ တစ်ခါတလေ သမီးထမင်းစားပြီးပြီလားတောင် မသိကြတော့ဘူး။ ရပါတယ် မောင်လေးက သေးသေးလေးပဲလေ သမီးက လူကြီးဖြစ်နေပြီပဲ ကိုယ့်ဘာသာလုပ်ရမှာပေါ့။
မောင်လေးက ၀၀လုံးလုံးလေး သိပ်ချစ်ဖို့ကောင်းတာ။ မူကြိုကပြန်လာရင် မောင်လေးဆီကို တန်းသွားတယ်၊ မောင်လေးစားဖို့စုပ်လုံးလေးတွေ ၀ယ်လာတာပေးဖို့လေ။ အဲဒါကို ဖွားဖွားကြီးက အော်လွှတ်တယ် ကလေးက အဲဒါတွေမစားတတ်ဘူးတဲ့ သွားသွား ကလေးကိုထိုးမိမယ်တဲ့။ သမီးက မောင်လေးကိုထိုးမိအောင် ဘယ်လိုလုပ်လုပ်မှာလဲနော် သမီးက အစ်မပဲကို။ ဖွားဖွားကြီးက အရင်ကဆိုသမီးကိုမအော်ပါဘူး အခုတော့ တအားအော်တာပဲ သမီးဝမ်းနည်းတယ်။ ဖေဖေနဲ့မေမေကလည်း မောင်လေးနေမကောင်းလို့အလုပ်ရှုပ်နေတာနဲ့ပဲ သမီးမှာတဲ့ပုံပြင်အသစ်လေးတွေလည်း ၀ယ်မလာပေးတော့ဘူး။ ကြီးမေကလည်း နေ့ခင်းဆိုသမီးကြိုက်တဲ့မုန့်တွေ မလုပ်ပေးတော့ဘူး မောင်လေးအညှော်မိမှာစိုးလို့တဲ့။ မောင်လေး မြန်မြန်နေကောင်းလာပါစေ။
မောင်လေးက သမီးနဲ့အတူတူဆော့တတ်နေပြီ တစ်ခုမကောင်းတာက သမီးကပဲအမြဲအရှုံးပေးရတယ်။ တစ်ခါတလေ သမီးလည်း အနိုင်လိုချင်တာပေါ့ မောင်လေးနည်းနည်းငိုမဲ့မဲ့ဖြစ်တာနဲ့ လူကြီးတွေက သမီးကိုဆူတော့တာ အကြီးဖြစ်ပြီး ကလေးကို အနိုင်မကျင့်နဲ့တဲ့။ ဟင် သမီးလည်း ဘာမှမလုပ်ဘဲနဲ့။ မောင်လေး မမက ဘာမှမလုပ်ဘူးလို့ပြောလိုက်လေလို့ပြောပြန်တော့လည်း သမီးက ချိန်းခြောက်တာတဲ့။ ဟုတ်မှမဟုတ်တာ သမီးမောင်လေးကို တကယ်ဘာမှမလုပ်တာပါလို့ ရှင်းပြနေရင်း သမီးက ခံပြောပါတယ်လို့ ဆူကြအော်ကြတယ်။ သမီးမလုပ်တာကို ရှင်းပြလို့မရတော့ဘူးလား။
သမီးမွေးနေ့မှ သူငယ်ချင်းတွေကိုဖိတ်တယ် မွေးနေ့ဂါဝန်လှလှလေးဝတ်ထားပြီး မွေးနေ့ကိတ်လှီးဖို့အဆင်သင့်ပဲ။ ဟတ်ပီးဘတ်ဒေးတူးယူလို့ဆိုပြီးတာနဲ့ မီးမှုတ်မယ်အလုပ် မောင်လေးက ၀င်မှုတ်တယ် ဟင် သမီးလည်းမှုတ်ချင်တယ်လေဆိုတော့ ကလေးက လုပ်ချင်နေတာကို ပေးလုပ်လိုက်ပါတဲ့ သမီးက အကြီးပဲတဲ့။ အကြီးလည်း မွေးနေ့ဖယောင်းတိုင်တော့ မှုတ်ချင်တာပေါ့ ဒီမှာလှလှလေးတောင် ပြင်ဆင်ထားတာကို။ မွေးနေ့ကိတ်ကိုလည်း မောင်လေးကလှီးချင်ပြန်တယ်ဆိုတော့ မေမေက မောင်လေးလက်ကိုကိုင်ပြီးလှီးတယ်။ အကုန်လုံးလှီးလိုက်ပြီးတော့မှ သမီးရယ် မောင်လေးကကလေးပဲကို သူလုပ်ချင်မှာပေါ့တဲ့။ ဒါဆိုမောင်လေးကိုလည်း မွေးနေ့လုပ်ပေးလိုက်ပေါ့ သမီးမွေးနေ့ကို သမီးဘာသာပဲလုပ်လို့မရဘူးလားလို့ ငိုတော့ နင်က အကြီးဖြစ်ပြီး အငယ်ကိုမညှာဘူးတဲ့ ဘာမဟုတ်တာလေးနဲ့ ပျော်နေတာကို ဖျက်စီးတယ်တဲ့။ ဘယ်သူပျော်နေတာလဲဟင် သမီးတော့မပျော်ပါဘူးနော်။ ငိုယိုပြီးအခန်းထဲဝင်သွားတဲ့သမီးကို ဘယ်သူမှလည်း လာမချော့ဘူး။ အိမ်ကလူကြီးတွေက သမီးကို မချစ်တော့ဘူးထင်ပါတယ်။
သမီးစာကျက်နေလို့ မောင်လေးလာရှုပ်နေရင် အော်လို့မရဘူး၊ သမီးတစ်ခုခုစားလို့ မောင်လေးလုစားရင် တိုင်လို့မရဘူး၊ သမီးကြိုက်တဲ့အရုပ်လေးတွေ မောင်လေးယူသွားရင် ပြန်တောင်းလို့မရဘူး။ တစ်အိမ်လုံးမှာ သမီးကိုပြောစရာ တစ်ခွန်းပဲရှိတယ် “အဲဒါ နင့်မောင်လေးလေ ကိုယ်ကအကြီးပဲ အလျှော့ပေးလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ” ဆိုတာပါပဲ။ အကြီးဆိုပြီး အရာရာလိုက်လျောရမှာလား သူဆိုးနေတာကိုရော သမီးက ဆုံးမလို့မရဘူးလား။ အိမ်မှာ မောင်လေးမွေးပြီးကတည်းက တဖြည်းဖြည်းနဲ့ သမီးနေရာဟာ ပျောက်ဆုံးလာခဲ့တယ်။ ဒါပေမဲ့လည်း သမီးကတော့ မောင်လေးကိုချစ်ပါတယ်။ မောင်လေးကိုပဲဝိုင်းချစ်နေကြတာကို မနာလိုတာမဟုတ်ပေမဲ့ သမီးကိုလည်း နည်းနည်းပြန်ချစ်စေချင်ပါတယ်၊ သမီးကိုလည်း ဂရုစိုက်စေချင်ပါတယ်။ မောင်လေးမရှိခင်တုန်းကဆို သမီးက အ်ိမ်မှာဗိုလ်ပဲမဟုတ်လား။ ကြေးတိုက်တာရယ်မဟုတ်ပေမယ့် သမီးကိုလည်း မောင်လေးလိုပဲ ချစ်ပေးကြရင် ကောင်းမှာပါပဲ။