ရုံးပိတ်တဲ့နေ့ကို မျှော်လိုက်ရတာ ဖေဖေနဲ့မေမေရယ်
တစ်ပါတ်လုံးမှာ တနင်္ဂနွေနေ့က မီးမီးအတွက် ပျော်စရာအကောင်းဆုံးနေ့ပါ။ ဘာလို့ဆို ဖေဖေရောမေမေပါ ရုံးပိတ်တာမို့ မီးမီးနဲ့အတူတူရှိတယ်လေ။ ပိတ်ရက်ဆို မီးမီးတို့ အပြင်သွားရင်သွား၊ မသွားရင်လည်း သုံးယောက်အတူတူဆော့ကြတာဆိုတော့ ဒီလိုနေ့မျိုးကို မီးမီးက အမြဲမျှော်နေမိတာ။ ဘွားဘွားကြီးနဲ့လည်း ဆော့ရတယ်ဆိုပေမယ့် ဖေဖေ၊ မေမေတို့နဲ့ ဆော့ရတာ ပိုပျော်တယ်။ ဘွားဘွားကြီးက မီးမီးပြေးတိုင်း မလိုက်နိုင်သလို ပူဖောင်းတွေလည်း မမှုတ်ပေးနိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဖေဖေ၊ မေမေတို့နဲ့အတူရှိရတဲ့ ပိတ်ရက်ဆို သိပ်ပျော်တာပါပဲ။ အမြဲတမ်း ရုံးပိတ်ရင်ကောင်းမှာပဲနော် ဒါဆို မီးမီးတို့ အမြဲအတူရှိလို့ရပြီပေါ့။
ဒီနေ့တော့ အပြင်သွားလို့မရဘူး။ အပြင်မှာ ရောဂါပိုးတွေရှိတာမို့ အိမ်မှာပဲနေရမယ်လေ မီးမီးသိပါတယ်။ မနက်မိုးလင်းကတည်းက ဘယ်တော့ ဆော့ရမလဲလို့ မီးမီးက စောင့်နေတာ အခုထိ မဆော့ရသေးဘူး။ ဖေဖေက အိမ်က မီးခလုတ်တွေပြင်နေတာမို့ မီးမီးကို ထိမှာစိုးလို့ အနားမကပ်နဲ့တဲ့။ မေမေကလည်း ဖုန်းပဲဆက်နေတာ မီးမီးကို လှည့်လည်းမကြည့်ဘူး ဟွန်း။ ဒါနဲ့ပဲ ငြိမ်ငြိမ်လေးနေရင် သဘောကျမှာပဲဆိုပြီး ရောင်စုံပဲထိုင်ခြယ်နေလိုက်တယ်။ ဟော … အကုန်လုံးပြီးသွားပြီပဲ မီးမီးခြယ်နေတာ ဆင်မိသားစုပုံလေးပါ။ အဝါရောင် ဆင်လေးက မီးမီး၊ အပြာရောင်က ဖေဖေ၊ အနီရောင်က မေမေ၊ အဖြူရောင်ကတော့ ဘွားဘွားကြီးပေါ့ ဘွားဘွားကြီးက ဆံပင်ဖြူနေတော့လေ။ ဖေဖေနဲ့ မေမေ့ကို သွားပြဉီးမယ် မီးမီးကို ချီးကျူးတော့မှာ။
“ဖေဖေ … ဖေဖေ ဒီမှာကြည့်”
“အာ ဒီနားမလာနဲ့လို့ပြောထားတယ်လေ ထိမိကုန်မယ် သွားသွား ဟိုဘက်သွား”
ဖေဖေကလည်း အော်လိုက်တာ မီးမီးက ပုံပြမလို့ကို။ ရပါတယ် မေမေ့ဆီသွားမှာပေါ့။
“မေမေ ဒီမှာလေ”
“ ခဏလေး ဒီမှာ ဖုန်းပြောနေတယ်”
“ ဟုတ်ဘူး ဒါလေးကြည့်ပေး မီး သေချာခြယ်ထား …”
“ အမေဖုန်းပြောနေတယ်လို့ပြောနေတာမကြားဘူးလား”
“ မီးကို မအော်ပါနဲ့ မေမေရဲ့”
“ ဒီကောင်မလေး အလိုက်မသိလိုက်တာ ဒီမှာအလုပ်ရှုပ်နေရတဲ့အထဲ စိတ်ရှုပ်လာပြီ အမေရေ အမေ့မြေးလာခေါ်ပါဦး အပြင်မှာသွားနေပါဆိုနေမှ”
ဘွားဘွားကြီး လာခေါ်ပြီးချော့တော့ မီးမီးက အော်ငိုတော့တာပဲ။ ဘာလို့လဲ မီးက ငြိမ်လေးလည်းနေတယ်၊ လိမ်လည်းလိမ္မာသားနဲ့ ဒီပုံလေးပဲ ပြမိတာကို ဘာလို့ မီးကိုအော်ထုတ်ကြတာလဲ “အီးဟီးဟီး၊ မီးက တော်တယ်လို့ ချီးကျူးခံချင်တာကို”။ ဘွားဘွားကြီးက ချော့လေ မီးက အသံမတိတ်အောင် ငိုလေပါပဲ။ ဒီနေ့လေးပဲ အတူရှိရတာကို၊ ဒီနေ့လေးပဲ ဆော့ရမှာကို အလုပ်တွေပဲ အမြဲများနေကြတာပဲ ဆူလည်းဆူကြသေးတယ် ဖေဖေရော မေမေပါ မကောင်းဘူး ဆိုးတယ်၊ ဆိုးတယ်။ မီးက ခြေဆောင့်ပြီးငိုတော့ ဘွားဘွားကြီးက ဖေဖေနဲ့မေမေ့ကို အော်ပါလေရော။
“ဟဲ့ နင်တို့တွေ ကျန်တဲ့နေ့အလုပ်များတာ ငါမပြောဘူး ဒီနေ့လေးတော့ ကလေးနဲ့အတူနေပေးကြပါဟဲ့။ ပိုက်ဆံရှာတာလည်းရှာတာပေါ့ ဘယ့်နှယ် ငါ့မြေးက မိဘမဲ့ကျနေတာပဲ တစ်ချိန်လုံး ငါနဲ့ပဲနေရတယ် ဒါတောင် သူ့အရွယ်လေးနဲ့ ဘာမှမဂျီရှာဘူး နေနေတာပဲ။ ပိတ်ရက်ကိုဆို ကလေးက မျှော်လို့ နင်တို့နဲ့များနေရရင် ပျော်နေတာကို ကလေးကို အော်လိုက်မောင်းထုတ်လိုက်ကြတာ။ အေး သူကြီးလာလို့ နင်တို့နဲ့အတူမရှိနိုင်တော့တဲ့အချိန်ကျမှ ငါ့သမီးလေး မလုပ်ကြနဲ့ သိလား အလုပ်၊ အလုပ်နဲ့ ငါမပြောလိုက်ချင်ဘူး နင်တို့အဆင်မပြေတိုင်း ငါ့မြေးကို မဲမနေကြနဲ့ ငါ့မြေးလည်း သူ့အဖေအမေကိုကပ်ချင်မှာပေါ့ အဲဒါအပြစ်လား ကဲ”
ဘွားဘွားကြီးကဆူတော့မှ ဖေဖေက ထွက်လာပြီး ချီတယ်။ မေမေကလည်း မီးမီးကို လာချော့တယ်။ မီးမီးက ငိုပြီးတော့ အိပ်ချင်လာရောလေ ဒါပေမယ့် လက်ထဲက စာရွက်လေးကိုတော့ ပြလိုက်သေးတယ်။ ဒီမှာ မီးမီးဆင်လေး၊ ဒီမှာ ဖေဖေဆင်ကြီး၊ ဒီမှာတော့ မေမေဆင်ဆိုပြီး။ မေမေ့မီးလေးက တော်လိုက်တာ အရောင်လေးတွေ စုံနေတာပဲ ကြည့်ပါဉီးတဲ့။ လာ မေမေ ချော့သိပ်မယ် မီးငယ်နိုးလာမှ မေမေတို့ အတူဆော့ကြမယ်နော်တဲ့။ သုံးယောက်အတူရေခဲချောင်းလည်း စားကြမယ်တဲ့။ အဲဒီတော့မှ မီးမီးက ပြုံးပြီး အိပ်ပျော်သွားတော့တယ်။ မီးမီးက ရေခဲချောင်းစားချင်တာမဟုတ်ပါဘူး ဖေဖေ၊ မေမေနဲ့ အတူရှိချင်တာပါလို့ တိုးတိုးလေး ပြောပြီးတော့ပေါ့ … ။ ။