အိမ်မှာက အလုပ်ကခပ်များများနဲ့ဆိုတော့ သားကတဂျီဂျီလုပ်ရင်မခံနိုင်တာနဲ့ တစ်ခေါက်ကျတော့ ဖုန်းခဏပေးဆော့လိုက်တယ်။ အစကတော့ ကာတွန်းလေးတွေ down ပြီးပေးလိုက်တာပဲ။ သူကလည်း ကာတွန်းဆိုတော့ ထိုင်ကြည့်နေလိုက်တာ ကျွန်မပြန်တောင်းမှပဲ ရပ်တော့တယ်။ ဒီလိုနဲ့ ကျွန်မက အလုပ်ရှုပ်လာပြီဆိုတိုင်း၊ သူဂျီကျတဲ့တစ်ခုခုကိုမပေးနိုင်တိုင်း ဖုန်းပဲပေးထားလိုက်တယ် ခဏတဖြုတ်ဆိုတော့ ဘာမှမဖြစ်ပါဘူးပေါ့လေ။ ဒီလိုနဲ့ နောက်ကျ ဖုန်းက သူ့လက်ထဲမှာပဲ အချိန်ပြည့်ဖြစ်လာတယ်၊ ကျွန်မပြန်တောင်းရင်ကို မပေးချင်တော့တာတွေ၊ ငိုတာတွေဖြစ်လာတယ်။ ဒါနဲ့ပဲ သူ့ကိုဖုန်းအသစ်တစ်လုံးဝယ်ပေးလိုက်ရတော့တယ်။
ပထမတော့ ဖုန်းထဲမှာ ဆိုင်ကထည့်ပေးလိုက်တဲ့ ကာတွန်းလေးတွေကိုပဲ သူကြည့်နေတာ။ နောက်ပိုင်းကျ အဲဒါတွေရိုးအီလာတာနဲ့ အိမ်မှာ wifi လည်းရှိနေတော့ ကျွန်မက အသစ်လေးတွေကို သူ့ရှေ့မှာပဲ ဖွင့်ပြ၊ down ပြ၊ရာကနေ အဲဒီလိုလုပ်တာကို သူသိသွားပြီး သူ့ဘာသာသူပဲ လုပ်နေတော့တယ်။ ကာတွန်းလေးတွေဆိုတော့ ကိစ္စမရှိဘူးပေါ့လေ ကလေးကလုပ်တတ်တာကိုပဲ ကျွန်မမှာ တတ်လိုက်တာဆိုပြီး ကြံဖန်ဂုဏ်ယူနေသေးတာ။
တစ်ရက်တော့ သူကာတွန်းကြည့်ရင်း အိပ်သွားတာမို့ ဖုန်းကိုသိမ်းဖို့လုပ်တော့ လားလား သူက ကာတွန်းတွေတင်မဟုတ်ဘဲ video တွေပါ ကြည့်နေတာရယ်။ video တွေဆိုတာကလည်း ကြော်ငြာတွေကပါနေတော့ တစ်ခုနှိပ်မိရင် နောက်တစ်ခုက related ဖြစ်တာတွေ ဆက်ဆက်လာတတ်တာကိုး။ သူကြည့်နေတာကတော့ ဟာသတွေပါ ဒါပေမယ့် သူ့အရွယ်နဲ့နားလည်လောက်တဲ့ဟာတွေမဟုတ်ဘူး။ ခက်ပြီပဲ ဖုန်းကို အကုန်ရှင်းထုတ်ပြီး အစကနေ ပြန်ထားပေးရတယ်။
ကျွန်မလိုပဲ မိဘတွေလည်း သူတို့ကိုကြည့်ဆိုပြီး ဒီတိုင်းမပေးထားစေချင်ဘူး။ မကြာခဏ စစ်ပေးစေချင်တယ် ဒါမှလည်း သူတို့နဲ့အဆက်မပြတ်မှာပေါ့။ သူတို့က ဘာရယ်လို့မသိပေမယ့် ၀င်ကြည့်နေရင် တချို့အရာတွေက အန္တရာယ်များတာပေါ့လေ။
ဖုန်းစွဲတဲ့ပြသနာက တော်တော်ရှင်းရခက်တယ်။ သူကဖုန်းကိုပဲ လုံးဝအာရုံထားနေတော့ ထမင်းစားလည်းဖုန်း၊ အိမ်သာတက်လည်းဖုန်းနဲ့ နောက်ဆုံးကုန်ကုန်ပြောရရင် အိပ်ပျော်နေလို့ ယောင်တာတောင် ဖုန်းထဲက ဂိမ်းတွေ၊ ကာတွန်းတွေအကြောင်းဖြစ်လာတယ်။ မနက်ကနေ ညအထိ ဆော့ကစားတာလည်းမရှိဘဲ လှဲရက်တစ်မျိုး၊ ထိုင်ရက်တစ်ဖုံ ဖုန်းကိုပဲ သည်းကြီးမည်းကြီးလုပ်နေတော့တာ တော်တော်လေး အခြေအနေဆိုးတယ်။
မိဘတွေလည်း သူတို့တစ်ခုခုလုပ်ဖို့အတွက် အပေးအယူက ဖုန်းပေးဆော့မယ်ဆိုတာမျိုးမဖြစ်ရင် ကောင်းပါလိမ့်မယ်။ အဲဒီအပေးအယူကနေ စလိုက်တဲ့ ကိစ္စက သူတို့အတွက် ကျန်းမာရေးရော၊ လူမှုရေးပါ ထိခိုက်လာနိုင်တယ်။ ကလေးက ဖုန်းစွဲနေတော့ ခန္ဓာကိုယ်မကြံ့ခိုင်တာတွေ၊ မျက်စိမှုန်တာတွေအပြင် စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း အာရုံကို အဲဒီတစ်ခုမှာပဲထားနိုင်ပြီး စိတ်ဆတ်တယ်၊ စိတ်တိုလွယ်လာတယ်။
ဖုန်းနဲ့ပတ်သတ်ပြီး နောက်ပြသနာတစ်ခုကတော့ ကင်မရာနဲ့လျှောက်ရိုက်လိုက်တာမျိုးပါ။ သူ့ဖုန်းကို သိမ်းထားတဲ့အခါမျိုးမှာ သူက လူလည်ကျပြီး သူ့အဖွားဖုန်းကိုတောင်းပါတယ်။ အဲဒီမှာ သူ့အဖွားကလည်း ဘာရယ်ညာရယ်မသိတော့ ပေးလိုက်တာနဲ့ သူကလည်း မသိဘဲ ပုံတွေကို social media တွေပေါ်မှာ တင်မိရက်သားဖြစ်နေတာတွေ၊ ဖုန်းတွေလျှောက်ခေါ်မိ၊ စာတွေပို့မိဖြစ်နေတာတွေ စသည်ဖြင့် တန်းစီဖြစ်လာတော့တာပါပဲ။
တစ်ခါတလေဆို အ်ိမ်မှာပဲဆိုပြီး အဆင်ပြေသလိုနေလိုက်တာတွေက မမြင်သင့်တာတွေ၊ မကြားသင့်တာတွေရှိမယ် အဲဒါကို သူက ကင်မရာနဲ့ရိုက်မိရာက တင်မိတာမျိုးတွေ၊ ပို့မိတာမျိုးတွေဖြစ်လာတယ်။ တော်သေးတာပေါ့ အမေက အဲဒီလိုမတင်တတ်မှန်း သိနေကြလို့။ ကျွန်မလည်း သူ့ကိုတားလို့မရတာနဲ့ အမေ့ဖုန်းကို child mode ပြောင်းလိုက်ရတယ်။ အဲဒီလိုပေါ့ အဆင်မပြေတာတော့ တကယ်မပြေတာပေါ့။
မိဘတွေအနေနဲ့လည်း ကျွန်မလိုမဖြစ်ရအောင် ခဏဆိုပြီး ငြိမ်ဆေးမကျွေးပါနဲ့၊ ဖုန်းပေးသုံးမယ်လို့ အပေးအယူမလုပ်ပါနဲ့၊ ငါ့သားလေး၊သမီးလေးတော်လှဟဲ့လို့ မကြွားချင်ပါနဲ့။ ခန္ဓကိုယ်အတွက် ကျန်းမာရေးလည်းထိခိုက်ပြီး၊ အာရုံကြောကိုလည်းထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာပြသနာတွေလည်း အများကြီးဖြစ်နိုင်တာမို့ ဖုန်းနဲ့ပတ်သတ်ပြီး မကြာခဏရေးနေမိတာပါ။ သူငိုတာမခံနိုင်လို့ဆိုပြီးတော့များ အကျင့်မလုပ်လိုက်မိပါစေနဲ့ သူတို့လေးတွေ ဖုန်းစွဲတာက ကိုယ်တွေထက်ကို ပိုဆိုးတတ်ပါတယ်။ အိမ်ကသားကတော့ ညညဆို သားဖုန်းလေး အားသွင်းပေးပါဦးလို့ ထထယောင်နေတော့တာပါပဲ။